ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်း၏ အကြီးဆုံး သမီးတော်ဖြစ်သည့် မင်းသမီး ဘာဂျာကီတီယာဗာသည် လေးနာရီနီးပါး ကိုမာဝင်ခဲ့ပြီးနောက် ကွယ်လွန်သွားပြီဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော်က ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၄၇ နှစ်အရွယ် မင်းသမီး ဘာဂျာကီတီယာဗာသည် နှလုံးရောဂါအခြေအနေနှင့် အခြားကူးစက်ရောဂါများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရခြင်း ဖြစ်ပြီး ထိုအချိန်ကတည်းက သတိမေ့မြောနေခဲ့ခြင်း ဖြစ်သည်။
မေ ၂၁ ရက်နေ့တွင် ကိုယ်တွင်းအင်္ဂါများ၌ ကူးစက်ရောဂါပိုးများ ထပ်မံဝင်ရောက်လာမှုကြောင့် ၎င်း၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ဆရာဝန်များအနေဖြင့် နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။
နှစ်ပေါင်းများစွာ ဆေးဝါးကုသမှု ခံယူခဲ့ရပြီးနောက် ပြီးခဲ့သည့် ဧပြီလအတွင်းက ၎င်း၏ အူလမ်းကြောင်းများကို ရောင်ရမ်းစေသည့် အစာအိမ်ပိုးဝင်မှုကို ဆရာဝန်များက ရှာဖွေတွေ့ရှိခဲ့ကာ ယင်းဝေဒနာကြောင့် သွေးဖိအား ကျဆင်းလာပြီး နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
ဗြိတိန်၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့တွင် ပညာသင်ကြားခဲ့သည့် မင်းသမီး ဘာဂျာကီတီယာဗာသည် ကုလသမဂ္ဂတွင် ရာထူးတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး အကျဉ်းကျခံနေရသည့် အမျိုးသမီးများအပေါ် ပိုမိုကောင်းမွန်စွာ ဆက်ဆံခွင့်ရရှိစေလည်း တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်သည်။
Ref: CNA















