ရှမ်းပြည်နယ် သို့ သယ်ဆောင်လာသော စက်သုံးဆီ ဘောက်ဆာများ အချိန်ကြန့်ကြာမှု မရှိစေရေး လွှတ်တော်တွင် မေးမြန်းရာ ၊ နားလည်စောင့်ဆိုင်းပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးကပြန်လည် ဖြေကြားခဲ့သည်။
ရပ်စောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) မှ ဦးအောင်ကျော်ညွှန့်မှ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းမှ ရှမ်းပြည်နယ်သို့ စက်သုံးဆီများအား သတ်မှတ်ချက်များနှင့် အညီ သယ်ယူပို့ဆောင်ရာ တွင် ဒေသန္တရ ထောက်ခံချက်များ မလိုအပ်ဘဲ ထပ်မံ တောင်းခံနေခြင်းကြောင့် အချိန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေခြင်းအတွက် ပြည်သူများထံ ဆီဈေးနှုန်း တည်ငြိမ်စွာဖြင့် အချိန်မှီ ဖြန့်ဖြူး ပေးနိုင်ရေး မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည် နှင့် စပ်လျဉ်းသည့်မေးခွန်း ကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်သန်းထူး မှ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကာ မေးခွန်းများကို မေးမြန်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အပိုဒ် ၁ အရ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းမှ ရှမ်းပြည်သို့ စက်သုံးဆီများသယ်ယူ ပို့ဆောင်ရာတွင် ဘောက်ဆာ မော်တော်ယာဉ်များကို သတ်မှတ်ချက်များနှင့် အညီ ချိတ်စည်းများ ကပ်နှိပ်ခြင်း၊ လမ်းခရီး မျောများ စနစ်တကျ ထုတ်ပေးခြင်း ၊ ယာဉ်များတွင် GPS စနစ်များတပ်ဆင်၍ စေလွှတ်ခြင်းများ ဆောင်ရွက်ပါတယ်။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ PPRT အနေဖြင့်လည်း အဆိုပါ ဘောက်ဆာ ယာဉ်များကို လမ်းခရီးတစ်လျှောက် စနစ်တကျ စီစစ် ကြပ်မတ်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် ရောက်ရှိသည့်အခါ မလိုအပ်ဘဲ ဒေသန္တရ ထောက်ခံချက်များကို ထပ်မံ တောင်းခံမှုများ ရှိနေပါသဖြင့် လမ်းခရီးတွင် အချိန်များစွာ ကြန့်ကြာမှု များ ဖြစ် ပေါ်လျှက် ရှိပါသည်။ ၎င်း ကြန့်ကြာမှုများကြောင့် ပြည်သူလူထု ထံ အချိန်မှီ ရောက်ရှိ ရန် ခဲယဉ်းခြင်း ၊ အချိန်ကြန့်ကြာခြင်းကြောင့် စက်သုံးဆီ ဈေးနှုန်း အတက်အကျ မငြိမ်သက်မှု ကြောင့် ကုန်သည်များနှင့် လုပ်ငန်းရှင်များတွင် အရှုံးပေါ်ခြင်း၊ အခက်အခဲ အကြပ်အတည်းများ ကြုံတွေ့ နေရခြင်း ၊ အဆိုပါ ထောက်ခံချက်များ တောင်းခံခြင်းကို စိစစ်လျော့ချပေးမည် ဆိုပါက ပြည်နယ်တွင် ကုန်စည်စီးဆင်းမှု လျင်မြန်စွာ ချောမွေ့လာမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မလိုအပ်ဘဲ ထောက်ခံမှုများ တောင်းခံခြင်းကြောင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေ ခြင်း အား ကင်းဝေးစေပြီး ပြည်သူများထံ ဆီဈေးနှုန်း တည်ငြိမ်ပြီး အချိန်မှီ ဖြန့်ဖြူးပေးနိုင်ရေး အတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ မည်သို့ စိစစ်ပယ်ဖျက်ဆောင်ရွက်ပေးမည်ကို ဒေသခံများကိုယ်စား ကြယ်ပွင့်ပြ မေးခွန်းအဖြစ် လွှတ်တော် ဥက္ကဌ မှ တဆင့် မေးမြန်းတင်ပြခဲ့ခြင်း ဖြစ်သည်”ဟု ဦးအောင်ကျော်ညွှန့် က ပြောသည်။
ရပ်စောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) မှ ဦးအောင်ကျော်ညွှန့်၏ မေးမြန်းမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်သန်းထူး က
“လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန ၊ ရေနံထွက် ပစ္စည်း ကြီးကြပ်ရေး ဦးစီးဌာန အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ရှိသော တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီ ဖြန့်ဖြူးပေးနိုင်ရေး အပတ်စဉ် စက်သုံးဆီ လိုအပ်ချက် ပမာဏ များကို တွက်ချက်ကာ ပြည်ပမှ တင်သွင်း ခွင့်ပြုနိုင်ရေး ဆောင်ရွက်ရပါကြောင်း နှင့် ခွင့်ပြု ပမာဏ ကို တိုင်းဒေသကြီး နှင့် ပြည်နယ် များ ရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင်များသို့ အပတ်စဉ် ပုံမှန် ခွင့်ပြုပေးသကဲ့သို့ စိုက်ပျိုးရေး အပါအဝင် ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍများအတွက် အသုံးပြုရန် လိုအပ်မည့် စက်သုံးဆီများကို ဝယ်ယူသယ်ဆောင် ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရှမ်းပြည်နယ် အတွင်းမှာ စက်သုံးဆီ အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ တာချီလိတ် နယ်စပ် ကုန်သွယ်ရေး လမ်းမှတဆင့် တင်သွင်း နေသဖြင့် အခက်အခဲ မရှိကြောင်း တင်ပြလိုပါတယ်။ (ခ) ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သည် ရန်ကုန်သီလဝါမှ PO ဖြင့် ခွင့်ပြုထုတ်ပေး စက်သုံးဆီများအား ရန်ကုန်၊ နေပြည်တော် ၊ ပျော်ဘွယ် မှ တဆင့် ကလော၊ အောင်ပန်း၊ တောင်ကြီးသို့ လည်းကောင်း၊ ထိုမှ တဆင့် တောင်ကြီး ၊ ဟိုပုံး၊ လွိုင်လင် မှ တဆင့် လဲချား မိုင်းကိုင် သို့လည်းကောင်း၊ လွိုင်လင် နမ့်စန် ခိုလမ်မှ တဆင့် ကွန်ဟိန်း ၊ ကာလိ ၊ ကျိုင်းတုံ မြို့များသို့ လည်းကောင်း ၊ နမ့်စန် ၊ မိုးနဲ မှ တဆင့် လင်းခေး နှင့် မောက်မယ် မြို့သို့ လည်းကောင်း ၊ အသီးသီး သယ်ယူဖြန့်ဖြူးပေး လျက် ရှိပါတယ်။ ယင်းသို့ သယ်ယူပို့ဆောင်ရာ တွင် တောင်ကြီးမြို့သို့ ရောက်ရှိလာသည့် ဝယ်ယူသယ်ဆောင်ဖြန့်ဖြူးပေးမည့် စက်သုံးဆီများအား ခွင့်ပြု ပေးသည့် ရှမ်းပြည်နယ်အတွင်းရှိ နေရာဒေသ အသီးသီးတွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီ အရောင်းဆိုင်များသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိစေရေး ၊ စနစ်တကျ ကြပ်မတ် စိစစ်ရပါကြောင်း၊ ရန်ကုန်မြို့ သီလဝါ မှ စတင် ထွက်ခွာလာသည့် ယာဉ်တစ်စီးချင်းစီတွင် ပါသည့် ခွင့်ပြု po အမှတ်စဉ် နှင့် စက်သုံးဆီ အမျိုးအစား အလိုက် သယ်ဆောင်မည့် ပမာဏ ပို့ဆောင်ပေးရမည့် စက်သုံးဆီ အရောင်းဆိုင်များ အတွက် မျှောများ စိစစ်ထုတ်ပေးလျက် ရှိပါတယ်။ သီလဝါမှ ထွက်ခွာ လာချိန်မှ စ၍ ရန်ကုန်ဘက်ခြမ်း၌ တိုင်းဒေသကြီး ပြည်နယ် အဝင်အထွက် ဂိတ် ပူးပေါင်း စစ်ဆေးရေး ဂိတ် များတွင် ရေနံထွက် ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန မှ ဝန်ထမ်းများက လုံခြုံရေး ဂိတ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ကာ ဂိတ် လုံခြုံရေး တာဝန်ကျ အရာရှိ ထံမှ တဆင့် သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ် တပ်နယ်ရုံးများသို့ နယ်မြေဖြတ်သန်းခွင့် တင်ပြရပါကြောင်း၊ ထိုသို့ တင်ပြရာတွင် ရှမ်းပြည်နယ်ရေနံထွက် ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန က သီလဝါမှ ခွင့်ပြု po အမှတ်စဉ် နှင့် စက်သုံးဆီ အမျိုးအစားအလိုက် သယ်ဆောင်လာသည့် စက်သုံးဆီ အမျိုးအစားအလိုက် ပို့ဆောင်ပေးရမည့် စက်သုံးဆီ အရောင်းဆိုင်များ အတွက် ထုတ်ပေးလိုက်တဲ့ မျှောစာများကို တိုက်ဆိုင်စစ်ဆေးကာ လုံခြုံရေး ဆောင်ရွက်ရသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် သို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန မှ တဆင့် ပိတ်ရက်မရှိ တင်ပြရပါကြောင်း၊ တင်ပြချက် အပေါ် တိုင်းစစ်ဌာန က ခွင့်ပြုလိုက်သည်နှင့် တင်ပြသည့် ဆီသယ်ယာဉ်အား ဘေးကင်းလုံခြုံစွာဖြင့် လိုရာခရီးသို့ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး၊ ချောမွေ့စွာ ရောက်ရှိစေရေး၊ တောင်ကြီးမြို့ အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ် ၄ မိုင်မှ ချက်ချင်း စေလွှတ်ပါကြောင်း နှင့် မလိုလားအပ်သည့် ဒေသများ သို့ ရောက်ရှိ မသွားစေရေး လမ်းတစ်လျှောက် ရှိ ဟိုပုံး ၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန် စသည့် ပူးပေါင်း စစ်ဆေးရေး ဂိတ်များတွင် ချက်ပွိုင့်အဖြစ် ထားရှိပြီး ၊ ကြပ်မတ် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် ကိစ္စနှင့် စပ်လျဉ်း၍ လတ်တလော နယ်မြေဒေသ အခြေအနေ အရ စက်သုံးဆီများ သယ်ဆောင် ဖြန့်ဖြူးရာတွင် နယ်မြေအသီးသီးသို့ ပို့ဆောင်မည့် ဆီသယ်ယာဉ်များအား သယ်ဆောင်လာသည့် စက်သုံးဆီများကို လုံခြုံမှု အရ မလိုလားအပ်သည့် နေရာ များသို့ ရောက်ရှိ မသွားစေရန် ၊ သယ်ဆောင်လာသည့် စက်သုံးဆီ သယ်ယာဉ်များအား တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး တို့တွင် ရှိသည့် စက်သုံးဆီ အရောင်းဆိုင်များမှ တဆင့် ပြည်သူလူထု ထံ ရောက်စေရေး အဆင့်ဆင့် စိစစ်ဆောင်ရွက်ရပါသဖြင့် ပူးပေါင်း စစ်ဆေးရေး ဂိတ်များတွင် အထိုက်အလျောက် အချိန် အနည်းငယ် ပေးပြီး စောင့်ဆိုင်းပေးရခြင်း အပေါ် နားလည်ပေးနိုင်ရန် လိုအပ်မည်ကို သိရှိလိုပါကြောင်း လေးစားစွာ ပြန်လည် ဖြေကြားအပ်ပါတယ်”ဟု ဖြေကြားခဲ့သည်။















