ထိုင်းနိုင်ငံတွင် ဘတ်သန်း ၁၀၀ တန်ဖိုးရှိ အီးစီးကရက်စက်ရုံ ဝင်ရောက်စီးနင်းမှုတွင် မြန်မာနိုင်ငံသား ၅၀ ခန့် ထွက်ပြေး

ထိုင်းနိုင်ငံတွင် ဘတ်သန်း ၁၀၀ တန်ဖိုးရှိ အီးစီးကရက်စက်ရုံ ဝင်ရောက်စီးနင်းမှုတွင် မြန်မာနိုင်ငံသား ၅၀ ခန့် ထွက်ပြေး
Published 9 June 2026

ထိုင်းနိုင်ငံတွင်ဘတ်သန်း ၁၀၀ တန်ဖိုးရှိ အီးစီးကရက်စက်ရုံ ဝင်ရောက်စီးနင်းမှုတွင် မြန်မာနိုင်ငံသား ၅၀ ခန့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

ဇွန် ၈ ရက်က ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chonburi) ခရိုင်၊ ဘန်လမွန်း (Bang Lamung) မြို့နယ်၊ နောင်ပလာလိုင် (Nong Pla Lai) ရပ်ကွက်ရှိ အီးစီးကရက် ထုတ်လုပ်ရေးစက်ရုံတစ်ခုကို အာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ရာ ဘတ်သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ အီးစီးကရက်များ၊ ဓာတုဆေးရည်များနှင့် ဆက်စပ်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းမိုင်းသတင်းဌာနက ဖော်ပြခဲ့သည်။

စက်ရုံမစီးနင်းခင် နာရီပိုင်းအလိုတွင် နောင်ပလာလိုင်လမ်းသွယ်အတွင်း ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့သည် လိုင်စင်နံပါတ်ပြားမပါတဲ့ ကြေးရောင် Isuzu D-Max ပိတ်ကားတစ်စီးကို မသင်္ကာသဖြင့် စစ်ဆေးရာ စက္ကူဂျပ်ဖာ ၄၀ ထဲထည့်ထားသည့် ရောင်းချရန် အသင့်ဖြစ်နေသည့် အီးစီးကရက် ၈၀၀၀ ကျော်ကို တွေ့ရှိခဲ့‌ကြောင်း သိရသည်။

ကားမောင်းသူ၏ ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) တို့ ပူးပေါင်းပြီး နောင်ပလာလိုင် လမ်းသွယ် ၁၂ အနီးရှိ ၃-၄ ရိုင် (၁.၂ ဧကခန့်) ကျယ်ဝန်းသည့် ဂိုဒေါင်ကြီးကို ဝိုင်းဝန်းပိတ်ဆို့ စီးနင်းခဲ့ကြောင်း သိရသည်။

ဝင်ရောက်စီးနင်းစဉ် စက်ရုံအတွင်း အလုပ်လုပ်ေနသည့် မြန်မာအလုပ်သမားလို့ ယူဆရသည့် အမျိုးသား၊ အမျိုးသမီး အနည်းဆုံး ၅၀ ခန့်သည် အနောက်ဘက်ထွက်ပေါက်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

စက်ရုံအတွင်း "Salt Hub" အမှတ်တံဆိပ်တစ်ခါသုံး အီးစီးကရက်များကို အကြီးအကျယ် ထုတ်လုပ်နေသည်ကို တွေ့ရှိခဲ့ရပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို ဇုန် လေးခုခွဲကာ လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ဆိုသည်။

စီးနင်းမှုအတွင်း အာဏာပိုင်များသည် အသင့်ရောင်းချနိုင်သည့် အီးစီးကရက် ၂၀၀၀၀ ကျော်၊ မပြီးပြတ်သေးသည့် ဆေးတောင့် ၅၀၀၀၀ ကျော်၊ "Made in China" ရိုက်နှိပ်ထားသည့် ထုပ်ပိုးပစ္စည်း အမြောက်အမြားဖြင့် ဓာတုဆေးရည်များကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတန်ဖိုးဘတ်သန်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent