အိန္ဒိယအစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်သည့် (BJP) ပါတီသည် ပြီးခဲ့သည့်လက အနောက်ဘန်ဂေါပြည်နယ်တွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဖမ်းဆီးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
BJP ပါတီသည် လူဦးရေ သန်း ၁၀၀ ကျော်ရှိသည့် အရှေ့ဘက် နယ်စပ်ပြည်နယ်ဖြစ်သော အနောက်ဘင်္ဂလား ပြည်နယ်ရွေးကောက်ပွဲတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ရှာဖွေဖော်ထုတ်ခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ လုပ်ဆောင်သွားမည်ဟု ကတိပြုကာ အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မွတ်စလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေပြီး၊ အဆိုပါနယ်စပ်တွင် သမိုင်းအစဉ်အဆက် စီးပွားရေးကျပ်တည်းမှုများနှင့် မိသားစုအဆက်အသွယ်များကြောင့် ရွှေ့ပြောင်းနေထိုင်မှုများရှိနေခဲ့သည်။
အာဏာရရှိလာပြီးနောက် အနောက်ဘန်ဂေါပြည်နယ် အစိုးရသစ်သည် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံမှ တိမ်းရှောင်သည့် ဘင်္ဂလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) ဒုက္ခသည်များအတွက် ထိန်းသိမ်းရေးစခန်းများ တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဆူဗန်ဒူ အာဒီကာရီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀၀၀ နီးပါးကို နယ်စပ်တစ်လျှောက် ပြည်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်ကြောင်း ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။
“နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်ချက်အက်ဥပဒေရဲ့ အကျုံးဝင်မှုအောက်မှာ မရှိတဲ့ ဘင်္ဂလားဒေ့ရှ် တရားမဝင် ဝင်ရောက်လာသူတွေကို ပြည်နှင်ဒဏ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ စတင်နေပါပြီ” ဟု အာဒီကာရီက ပြောကြားခဲ့ပြီး အစိုးရသည် ပြီးခဲ့သည့် မေလအတွင်းက ပြည်နယ်အတွင်းရှိ ခရိုင်အားလုံးတွင် ထိန်းသိမ်းရေးစခန်းများ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။
“အဲဒီထိန်းသိမ်းရေးစခန်းတွေကနေတစ်ဆင့် အခုအချိန်အထိ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပေါင်း ၄၈၀၀ ကို ပြည်နှင်ဒဏ် ပေးပြီးဖြစ်ပါတယ်။ နောက်ထပ် လူပေါင်း ၈၃၆ ဦးဟာ လက်ရှိမှာ ထိန်းသိမ်းရေးစခန်းတွေထဲမှာ ရှိနေပြီးအဲဒီ ၈၃၆ ဦးကိုလည်း မကြာခင် ပြည်နှင်ဒဏ်ပေးနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု အာဒီကာရီက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပြည်နှင်ဒဏ်ပေးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခြင်းသည် နယ်စပ်ပြည်နယ်တစ်ခုဖြစ်သည့် အနောက်ဘန်ဂေါပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်ပြီး ကာလရှည်ကြာ ဖြစ်ပွားနေသော နိုင်ငံရေး တင်းမာမှုနောက်ခံအခြေအနေကြားမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အိန္ဒိယ ထိပ်တန်းအရာရှိအချို့က ရွှေ့ပြောင်းနေထိုင်သူများကို ခြများ ၊ တရားမဝင် ခိုးဝင်လာသူများဟု ရည်ညွှန်းပြောဆိုခဲ့ကြသည်။
ဝေဖန်ရေးသမားများကမူ BJP ပါတီ၏ ပြောဆိုချက်များနှင့် မူဝါဒများသည် အိန္ဒိယနိုင်ငံရှိ လူဦးရေ သန်း ၂၀၀ ကျော်ရှိသည့် မွတ်စလင်များကြားတွင် စိုးရိမ်ပူပန်မှုများနှင့် လူ့အဖွဲ့အစည်းမှ ဖယ်ကြဉ်ခံရမှုများကို ပိုမိုဆိုးရွားစေသည်ဟုပြောကြားခဲ့ပြီး BJP ပါတီသည် ဘာသာရေးခွဲခြားမှုကို တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာနှင့် ရောထွေးပစ်နေကြောင်း စွပ်စွဲခဲ့ကြသည်။
Ref:AFP















