iPhone အမှတ်တံဆိပ်ဖုန်းများကို သီးသန့်ရောင်းချသည့် တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ ဖုန်းများ ခိုးယူခံရ

iPhone အမှတ်တံဆိပ်ဖုန်းများကို သီးသန့်ရောင်းချသည့် တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ ဖုန်းများ ခိုးယူခံရ
Published 4 June 2026

iPhone အမှတ်တံဆိပ်ဖုန်းများကို သီးသန့်ရောင်းချသည့် တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိဖုန်းများ ခိုးယူခံရကြောင်း သိရသည်။

မေ ၂၄ ရက် ညဉ့်နက်သန်း‌ခေါင်တွင် တောင်ဥက္ကလာပမြို့နယ် (၆) ရပ်ကွက်ကုန်းဘောင်လမ်းပေါ်ရှိ ABC Mobile အမည်ရှိ ဖုန်းဆိုင်မှာ ဖောက်ထွင်းခံရခြင်းဖြစ်သည်။

အဆိုပါ ဖုန်းဆိုင်မှာ နေအိမ်သုံးထပ်တိုက်နှင့် တွဲဖွင့်ထားခြင်းဖြစ်ပြီး အိမ်အပေါ် ထပ်ရှိ ဝရံတာသံပန်းတံခါးကို မူလီများဖြုတ်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု သုံးသပ်ရကြောင်း အဆိုပါဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 " မေ ၂၄ ရက်နေ့မှာ ညဥ့်နက် တစ်နာရီမှ အိပ်တာပါ။ ဖောက်ခံရတာ တစ်နာရီ ငါးနာရီအတွင်း ဖောက်ခံရတာပါ။ အိမ်‌ဆိုင်မှာ ရောင်းတဲ့ iPhone 17 promax ပါကင်ပိတ်တွေလည်းပါတယ်။

နောက်ဆုံး 12  promax အထိ ၂၁ လုံးတိတိ ပါသွားပါတယ်။ မနက်ဆိုင်ခင်းဖို့ ကောင်တာကို ကြည့်လိုက်တဲ့အခါမှာ အကုန်လုံးကို ဖွင့်ထားတယ်။ ဖုန်း ၂၁ လုံးမှာ ဘူးတွေကအစ ယူသွားပါတယ်။ စဖြစ်လိုက်တဲ့အချိန်မှာ လုံးဝ အံ့ဩသွားတယ်။ အိမ်အောက်က အပေါက်တွေလိုက်ကြည့်တယ်။ ဖောက်ထားတာ မတွေ့ရဘူး။ ဖြစ်ချင်တော့ ဟိုအိမ်အပေါ်သုံးထပ်တိုက် ဝရံတာ သံပန်းတံခါးကိုအပြင်က မူလီတွေဖြုတ်ပြ‌ီး ဝင်တာပါ။ အပေါ်ထပ်ကနေ အောက်အထိလာပြီးတော့ ဖောက်ခံရတာပါ။ သေချာလိုက်ပြန်ကြည့်တော့လည်း တခြားပြန်ထွက်တဲ့အပေါက်လည်း မရှိဘူး။ အဲ့အပေါ်ထပ်ကပဲ ပြန်သွားတာပါ။ အိမ်မှာ မိသားစုသုံးယောက်ပဲရှိတာပါ။ သံပန်းတံခါးဖွင့်တဲ့အချိန် လုံးဝမကြားရဘူး" ဟု အဆိုပါဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆိုင်ဖောက်ထွင်းခံရခြင်းမှာ တပတ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ အခြားဖုန်းဆိုင်များအနေဖြင့် iPhone အမျိုးအစားဖုန်းများကို လာရောက်ရောင်းချခြင်းများရှိပါက ဆက်သွယ်ပေးစေလိုကြောင်း ABC Mobile မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 " ပါသွားတဲ့ ဖုန်း ၂၁ လုံးက‌ို‌တော့ ချက်ချင်းတော့ ပြန်မရှာနိုင်လို့  IMEI နံပါတ်တွေ ပြန်ရှာလိုက်တော့ ၁၆ လုံးရဲ့ IMEI နံပါတ်တွေ ချက်ချင်းပြန်ရပါတယ်။ အဲ့ဒါလေးကို နီးစပ်ရာ ကိုယ့်အသိမိတ် ဆွေတွေကို ဒါမျိုးလေးတွေနဲ့ လာရောင်းလို့ရှိရင် ကျွန်တော်ရဲ့ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်အကြောင်းပေးဖို့ အကူအညီတောင်းပါတယ်" ဟု အဆိုပါဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၁၆၉/၂၀၂၆ ၊ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဖောက်ထွင်းခဲ့သူများကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent