မန္တလေးမြို့ဇီ၀ိတဒါနသံဃာ့ဆေးရုံကြီး ၁၈နှစ်ပြည့်အခမ်းအနားကို မေလ၂၃ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အလှူငွေကျပ်သိန်းပေါင်းနှစ်သောင်းကျော်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ ဇီ၀ိတဒါနသံဃာ့ဆေးရုံကြီး ၁၈နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ရာ မန္တလေးတိုင်း၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များလည်းတက်ရောက်ခဲ့ပြီး ဆေးရုံကြီးတွက်လှူဒါန်းကြငွေမှာ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ထိရရှိခဲ့ကြောင်း သိရသည်။
ဇီ၀ိတဒါသံဃာဆေးရုံကြီးအား မန္တလေးမြို့သာမက အနီးတ၀ိုက်မြို့များမှ သံဃာတော်များနှင့်သီလရှင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ပေးနိုင်ရေးအတွက် ၂၀၀၈ခုနှစ်ကစတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့ရှိ မြို့မိမြို့ဖ၊ အနယ်နယ်အရပ်ရပ်မှစေတနာရှင်အလှူရှင်များထည့်၀င်လှူဒါန်းသည့်အလှူငွေများနှင့်ကုသပေးခဲ့ရာ ၁၃၈၆၅၉ ဦးထိ ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
" မူလစိုက်ထုတ်ထားတဲ့အလှူရှင်များရဲ့အလှူငွေများမလျော့ပါးစေဘဲ သံဃာတော်များနှင့်သီလရှင်များ အခမဲ့ထာ၀စဥ်ကုသနိုင်ရန်နှင့် ယခုအခါ အစစအရာရာ စက်ပစ္စည်းနဲ့အခြားသောပစ္စည်းများ စျေးမြင့်တက်မှုကြောင့် တစ်ဖက်တစ်လမ်းကနေ ခိုင်မာတဲ့၀င်ငွေရလမ်းများကို စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ရှာကြံ အားဖြည့်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။ ခေတ်မီဆေးရုံကြီးဖြစ်စေဖို့လည်း လိုအပ်တဲ့စက်ကိရိယာများကိုဖြည့်ဆည်းပြီး ပြည်သူလူထုကိုပါ သက်သာသောနှုန်းထားဖြင့် ကုသပေးနိုင်ရန်လည်း အလေးပေး စီစဥ်ဆောင်ရွက်ကြစေချင်ပါတယ်။ ၂၀၂၅ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့အဆောက်အအုံတွေပြန်လည်ပြင်ဆင်ဖို့ မြို့မိမြို့ဖများမှ လှူဒါန်းနေကြမှုများအပေါ်လည်း ၀မ်းမြောက်၀မ်းသာကျေးဇူးတင်ရှိပါတယ်" ဟု အခမ်းအနားတွင် ၀န်ကြီးချုပ်ဦးမျိုးအောင်မှ အမှာစကားပြောကြားခဲ့သည်။
ယခုအခါ သံဃာများနှင့်သီလရှင်များသာမက ငွေကြေးမတတ်နိုင်သည့် လူပုဂ္ဂိုလ်များအတွက် အထွေထွေရောဂါကုသပေးခြင်း ၊ အရေပြားလူနာ၊အရိုးရောဂါဝေဒနာ၊ အကြောအဆစ်ရောဂါ၊ ကျောက်ကပ်တုသွေးသန့်စင်ရခြင်းဝေဒနာ၊ မျက်စိ ခွဲစိတ်ကုသခြင်းများအပြင် နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အထွေထွေခွဲစိတ်ကုသမှုများအတွက်လည်း သက်သာသော နှုန်းထားများဖြင့် ဆောင်ရွက်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။















