■ စွမ်းအင်အကျပ်အတည်းမှာချမှတ်တဲ့ မူဝါဒ ကောင်းသလား... ဆိုးသလား...
ဖေဖော်ဝါရီ ၂၆ ရက်မှာ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်မှာ နာမည်ကျော် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်လိုက်လို့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း စတင်ဖြစ်ပွားလာခဲ့ပါတယ်။ အီရန်-အမေရိကန် စစ်ပွဲဂယက်ဟာ နိုင်ငံအတော်များများအတွက် စွမ်းအင်ဆိုင်ရာလိုအပ်ချက်ပြဿနာနဲ့ တပြိုင်နက်စီးပွါးရေးဆိုင်ရာ အခက်အခဲပါဖြစ်လာစေပါတယ်။ ဒီအခြေနေတွေကို မြန်မာအနေနဲ့လည်း အခြားဒေသတွင်းနိုင်ငံများနည်းတူ ရင်ဆိုင်ကြုံတွေ့နေရတာ အားလုံးအသိပါပဲ။ စွမ်းအင်လိုအပ်ချက်ကြောင့် ပြည်တွင်းသုံးစွဲဖို့ ပြည်ပကနေ စက်သုံးဆီရာခိုင်နှုန်း ၉၀ ကျော်ကို တင်သွင်းနေရတဲ့ မြန်မာအတွက် လက်ရှိစက်သုံးဆီအကျပ်အတည်းဟာ လူတန်းစား အလွှာအသီးသီးအပေါ် ကြီးစွာသက်ရောက်နေသလို အစိုးရသစ်ရဲ့ စီမံဆောင်ရွက်မှုတွေအပေါ် မေးခွန်းထုတ်ခံရမယ့် စိန်ခေါ်မှုလို့ လည်းဆိုရပါမယ်။
■ မူဝါဒ ရလဒ်ကောင်း ...
စွမ်းအင်အကျပ်အတည်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ ဖြေရှင်းဆောင်ရွက်နေမှုတွေ၊ အားသာချက် အားနည်းချက်နဲ့ လိုအပ်ချက်တွေ၊ ပြည်သူတွေရဲ့ အမြင်နဲ့ အသံတွေ အစိုးရရဲ့ မူဝါဒ ဆိုးသလား ကောင်းသလားစတာတွေကို သုံးသပ်တင်ပြရာမှာ အရင်ဆုံး စွမ်းအင်မူဝါဒဆိုင်ရာ ရလဒ်ကောင်းကို ပြောရမှာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေနဲ့နည်းတူ စွမ်းအင်အကျပ်အတည်းရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အစိုးရက ဒီဂျစ်တယ် နည်းပညာအခြေပြုဖြန့်ဖြူးရောင်းချတဲ့စနစ်ကို မတ် ၁၂ ရက်မှာ စတင်နိုင်ခဲ့ပြီး မတ် ၂၇ ရက်မှာတော့ ယာဉ်တစ်စီးချင်းစီအတွက် စက်သုံးဆီပမာဏကို သတ်မှတ် ရောင်းချပေးတဲ့စနစ်ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ စက်သုံးဆီဆိုင်ပေါင်း ၂၉၄၃ ရှိတဲ့အနက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေမှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ Bar Code/ QR Code စနစ်နဲ့ စတင် ရောင်းချပေးခဲ့ပြီးတော့ အခုချိန်မှာ အခြားမြို့တွေမှာပါ အဲ့ဒီစနစ်နဲ့ ရောင်းချစေခဲ့ပါတယ်။
ကိုယ်ပိုင်ယာဉ်တွေကို တစ်ပတ် ဆီ ၃၅ လီတာ ဝယ်ယူခွင့်ပေးပြီးတော့ အဌားယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကိုတော့ သွားလာတဲ့ခရီးအကွာအဝေးကို ကြည့်ပြီး စက်သုံးဆီအကန့်အသတ်နဲ့ ရောင်းချဖို့ စီမံခဲ့ပါတယ်။
လောင်စာဆီဖြန့်ဖြူးရောင်းချရမှာ ဒစ်ဂျစ်တယ်စနစ် QR code/ bar code စတာတွေနဲ့ ဖြန့်ဖြူးဖို့ အလျင်အမြန်လုပ်နိုင်တာ၊ ဆီအသုံးတွေ ထိန်းချုပ်ဖို့ အကန့်အသတ်နဲ့ပေးတာ စတဲ့ ပေါ်လစီက အလုပ်ဖြစ်သလို ကောင်းမွန်မှန်ကန်ခဲ့ပါတယ်။ ဒါကြောင့် အခုဆို ဆီကို မတရားတန်းစီထုတ်ရတာ panic buying မရှိတော့ သလို၊ အစိုးရရဲ့ အရန်ဆီနဲ့ ဆီဖူလုံမှုအတွက် ရက် ၆၀ ထိ သိုလှောင်ထားတယ်လို့ ပြောလာနိုင်တာက သက်သေပြနေပါတယ်။
မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းမှုကိုကြည့်ရင် တစ်နှစ်ပျမ်းမျှတန်ချိန် ငါးသန်းခန့်ရှိပြီးတော့ ကုန်ကျစရိတ်အနေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ငါးဘီလျံဝန်းကျင်အထိ ကုန်ပါတယ်။ ပြည်ပက ဆီတင်သွင်းရမှုဟာ နိုင်ငံရဲ့ စုစုပေါင်း သွင်းကုန်ပမဏနဲ့တွက်ရင် ၃၃ ရာခိုင်နှုန်းခန့်အထိ ရှိနေပါတယ်။ တစ်ရက်ကို စက်သုံးဆီ သုံးစွဲမှုကလည်း ပျမ်းမျှ ဂါလန် ၃ ဒသမ ၅ သန်းကျော်ရှိနေတာပါ။ အခု အစိုးရရဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချရေးမူဝါဒနဲ့ လုပ်ဆောင်ချက်တွေကြောင့် တစ်ရက်ကို ဂါလန် ၂ ဒသမ ၅ သန်းအထိ လျှော့ချနိုင်ခဲ့ပြီးတော့ တစ်နှစ်ကို ဒေါ်လာသန်း နှစ်ထောင်ခန့် လျော့နည်းစေလာတယ်လို့ အချက်အလက်တွေအရသိရပါတယ်။ လက်ရှိထိမြန်မာနိုင်ငံမှာ စက်သုံးဆီက ရက် ၆၀ လောက်အထိ ဖူလုံမှုရှိတယ်လို့ ဝန်ကြီးဌာနကဘက်ကလည်း ဆိုထားပါတယ်။
ဒါ့အပြင် စွမ်းအင်ဝန်ကြီးဟာ မကြာသေးမီကပဲ တရုတ်ကိုသွားခဲ့ပြီး နှစ်နိုင်ငံအကြား စွမ်းအင်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကို အရှိန်မြှင့်တင်နိုင်ခဲ့တဲ့ အခြေအနေတွေလည်းရှိနေပြန်ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို ပြန်လည်အရှိန်မြှင့်တင်ပြီးတော့ ရေနံချက်စက်ရုံအသစ် တည်ဆောက်ဖို့နဲ့ ရှိပြီးသားပိုက်လိုင်းတွေရဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လည်းသဘောတူထားပါတယ်။
တပြိုင်နက် ရုရှားကိုလည်းသွားခဲ့ပြီး ရုရှားနဲ့လည်း ရေနံနဲ့ စက်သုံးဆီ ရေရှည်ထောက်ပံ့ရေး သဘောတူညီချက်ကို ဧပြီလအတွင်းက လက်မှတ်ရေးထိုးခဲ့ပြန်ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့ "RC Investments" တို့အကြား ဧပြီ ၁၈ ရက်မှာ စွမ်းအင်ကဏ္ဍ မြှင့်တင်ဖို့နဲ့ ရုရှားကနေ မြန်မာကို ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ ရေရှည်ထောက်ပံ့ပေးနိုင်ဖို့ လည်း သဘောတူခဲ့ကြပါတယ်။
သုံးနိုင်ငံပေါင်းပြီးတော့ မြန်မာ- တရုတ်- ရုရှားအကြား စွမ်းအင် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ဖို့နဲ့ ရေနံထွက်ပစ္စည်းတွေ ရေရှည်ရရှိဖို့ ကတိကဝတ်ပြု သဘောတူညီချက်တွေလည်း ရရှိထားပါတယ်။ ကိုယ်နဲ့ အဆင်ပြေတဲ့ နိုင်ငံတွေနဲ့ အလျင်အမြန်ချိတ်ဆက်ပြီး စွမ်းအင်အကျပ်အတည်းကို ရေတို ရေရှည် ဖြေရှင်းမှုလုပ်ဆောင်ချက်နဲ့ မူဝါဒ ကောင်းခဲ့ပါတယ်။
■ စွမ်းအင် အကျပ်အတည်းနဲ့ မူဝါဒ အဆိုး
စွမ်းအင်မူဝါဒ အဆိုးကို မပြောခင်မှာ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေအကြောင်းကို အရင်ဆုံးပြောပါရစေ။
ဦးသန်းရွှေလက်ထက်ရဲ့ နောက်ဆုံးနှစ်မှာ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေက ဒေါ်လာ ၉၈၀ ဝန်းကျင်မှာရှိတယ်။ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်မှာ မြန်မာရဲ့လူတစ်ဦးချင်းဝင်ငွေက ၁၂၈၀ ဝန်းကျင်၊ NLD လက်ထက်မှာတော့ လူတစ်ဦးချင်းဝင်ငွေက ၁၄၂၀ ဝန်းကျင်နဲ့ အခုချိန်မှာတော့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၅၁၉ ဝန်းကျင်မှာရှိပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ အိမ်နီးချင်းနိုင်ငံတွေကို ယှဉ်ကြည့်ရင် ထိုင်းနိုင်ငံမှာ လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၈၁၁၀ ဝန်းကျင်၊ လာအိုမှာ ဒေါ်လာ ၂၄၀၀ ဝန်းကျင်၊ ကမ္ဘောဒီးယားနိုင်ငံမှာ ဒေါ်လာ ၂၉၀၀ ဝန်းကျင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒေါ်လာ ၂၉၁၁ ဝန်းကျင်ရှိပါတယ်။ (နှစ်အလိုက် နိုင်ငံအသီးသီးရဲ့ တစ်ဦးချင်းဝင်ငွေကိုတော့ ဇယားနဲ့ ဖော်ပြထားပါတယ်)။
မြန်မာနိုင်ငံနဲ့ အထက်ပါအိမ်နီးချင်းနိုင်ငံတွေကိုပဲ နှစ်အလိုက် တစ်ဦးချင်းဝင်ငွေတွေကို နှှိုင်းယှဉ်ကြည့်တဲ့အခါ ဦးသန်းရွှေလက်ထက်မှာ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေက ထိုင်းနိုင်ငံကလွဲလို့ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် သိပ်မကွာတာကို တွေ့ရမှာ ဖြစ်ပြီး ကမ္ဘောဒီးယားနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုရင် မြန်မာရဲ့ အောက်မှာပဲရှိခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက မြန်မာကို ကျော်တက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က တော့ မြန်မာနဲ့ သိပ်မကွာတော့ပါဘူး။ ကိုဗစ်လှိုင်းမဖြစ်မီ ၂၀၁၉ ခုနှစ်မှာတော့ မြန်မာက အဲ့ဒီနိုင်ငံအားလုံးရဲ့ အောက်ဆုံးကို ရောက်သွားပါပြီ။ အခုနောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းတွေအရဆိုရင် မြန်မာရဲ့ တစ်ဦးချင်းဝင်ငွေထက် ထိုင်းက ရှစ်ဆခန့်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက နှစ်ဆ ဝန်းကျင်၊ နှစ်ဆကျော်များနေကြတာ တွေ့ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေဟာ ဒေသတွင်း နိုဂ်ငံတွေထက် နိမ့်ကျနေတဲ့အခြေအနေမှာ အခြားတစ်ဖက်က ကားဝယ်ယူမှုတွေနဲ့ ကားဈေးနှုန်းတွေကိုလည်း လေ့လာမှုတွေလုပ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့စွမ်းအင်မူဝါဒကို သုံးသပ်တဲ့အခါ စွမ်းအင်မူဝါဒနဲ့ ကားတင်သွင်းမှုက ချိတ်ဆက်နေတဲ့အတွက် ဒီအချက်က အရမ်းအရေးကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
နောက်တစ်ခုက ကြက်ဆူစီမံကိန်းပါ။ မြန်မာနိုင်ငံမှာ စွမ်းအင်အကျပ်အတည်း ၂၀၀၅ ခုနှစ်မှာလည်း ကြုံခဲ့ပါတယ်။ အဲ့ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကြက်ဆူစီမံကိန်းကို လုပ်ခဲ့တယ်။ ဦးသန်းရွှေလက်ထက်က လုပ်ခဲ့တဲ့ကြက်ဆူစီမံကိန်းဟာ ၂၀၀၅ မှာ စတင်ခဲ့တယ်။ အဲ့ဒီစီမံကိန်းက နောက်ဆုံးမှာ ဘာဖြစ်သွားလဲဆိုရင် Corrupt ဖြစ်တဲ့သူတွေကြောင့် လယ်ယာမြေတွေ သိန်းနဲ့ချီ အသိမ်းခံရ။ Corrupt ဖြစ်တဲ့ အချို့တပ်ရင်းတပ်ဖွဲ့၊ အစိုးရဌာန အရာရှိတွေ၊ အုပ်ချုပ်ရေးနဲ့ အရပ်ဖက်ဆိုင်ရာ အရာရှိတွေကြောင့် ဦးသန်းရွှေလက်ထက်မှာ ကြက်ဆူစီမံကိန်းအတွက် လယ်ယာမြေ သိန်းနဲ့ချီ အသိမ်းခံရတာ လယ်ယာမြေအထွက်နှုန်း လျော့ကျသွားတာတွေ ကြားခဲ့ရတယ်။ တကယ်တော့ ဦးသန်းရွှေ ပြောတဲ့အခါမှာ ဖုန်းဆိုးမြေ၊ မြေလွတ်မြေရိုင်း စတာတွေကို သိမ်းဖို့နဲ့ အဲဒီမြေတွေမှာ စိုက်ဖို့ ညွှန်ကြားခဲ့တာ။ အလွန်ဆုံးဖြစ်ရင် အလုပ်ရှုပ်တာရယ်၊ ကုန်ကျစရိတ်များတာနဲ့ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးများတာလောက်ပဲ ဖြစ်ရမှာ။ တကယ်မဖြစ်တော့ လယ်သမားနဲ့ ပြည်သူတွေပဲ ထိခိုက်နစ်နာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အခုစွမ်းအင်မူဝါဒနဲ့ ပတ်သက်ပြီး အဓိကပြဿနာကို မပြောခင်မှာ မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်လာတာ ပြောရပါမယ်။ စွမ်းအင်အကျပ်အတည်းကြောင့် ကမ္ဘာမှာပါ စက်သုံးဆီ ဈေးနှုန်းတွေလည်း မြင့်တက်လာသလို မြန်မာမှာလည်း စက်သုံးဆီဈေးတွေက မြင့်လာတယ်။ အကျပ်အတည်းမကြုံခင်တုန်းက မြန်မာမှာ စက်သုံးဆီဈေးနှုန်းက တစ်လီတာကို ကျပ် နှစ်ထောင်ကျော်ပဲရှိခဲ့ပြီးတော့ မတ်လလယ်ပိုင်းမှာတော့ ကျပ် ၃၅၀၀ ကျော်ကို ရောက်ရှိလာခဲ့တာပါ။ အခုချိန်မှာတော့ ဓာတ်ဆီတစ်လီတာကို ကျပ် ၄၅၀၀ ကျော်၊ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၅၀၀၀ ကျော်ထက်မှာရှိနေပါတယ်။
စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဆို မြန်မာနိုင်ငံရဲ့ ဓာတ်ဆီဈေးနှုန်းက အာဆီယံနိုင်ငံတွေမှာ အလယ်အလတ်အဆင့်ရှိပြီး ဒီဇယ်မှာဆိုရင် အဆင့် ၇ နေရာမှာရှိနေပါတယ်။ ဓာတ်ဆီဈေးနှုန်းက ဈေးကြီးတဲ့နေရာမှာ အဆင့် ၅ ရှိပြီးတော့ ဒီဇယ်မှာတော့ အဆင့် ၇ နေရာမှာရှိတယ်လို့ ပြောရပါလိမ့်မယ်။။
မြန်မာနိုင်ငံမှာ ဆီဈေးနှုန်းတွေကြီးမြင့်လာပြီးတဲ့နောက်မှာတော့ သယ်ယူပို့ဆောင်ခစရိတ်တွေလည်း မြင့်တက်လာသလို ကုန်ဈေးနှုန်းတွေကလည်း လိုက်မြင့်လာပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုရင် စက်သုံးဆီခွဲ တမ်းလျှော့ချလိုက်တာရယ် ယာဉ်အသုံးပြမှုကို စုံ/မ စနစ်နဲ့ ကန့်သတ်လိုက်တာကြောင့်ဖြစ်လာတယ်လို့ ဆိုရမှာပါ။ ထိုင်းနိုင်ငံမှာ စက်သုံးဆီဈေးတွေ တက်ပေမယ့် ကုန်ဈေးနှုန်းကတော့ အစိုးရက ထိန်းသိမ်းကြပ်မတ်တဲ့အတွက်ကြောင့် ဈေးနှုန်းတွေအရမ်းမတင်ကြဖို့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုက အဆိုးဆုံးလို့ ဆိုနိုင်ပါတယ်။
ထိုင်းမှာဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းက လတ်တလော ၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ လာအိုမှာ ၁၀ ဒသမ ၂ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်မှာ ၉ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ၃ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၁၉ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
တခြားနိုင်ငံတွေမှာ လောင်စာဆီဈေးနှုန်းဘယ်လောက် တက်လာပြီး ကုန်ဈေးနှုန်းတွေ ဘယ်လောက်ထိ မြင့်တက်လာသလဲ ကြည့်တဲ့အခါ ငွေကြေးဖောင်းပွမှုနှုန်းတွေ တက်ပေမယ့်လည်း ကုန်ဈေးနှုန်းက ဆယ်ရာခိုင်နှုန်းအောက်မှာပဲရှိတယ်လို့ အချက်အချက်တွေအရဆိုနိုင်ပါတယ်။
လောင်စာဆီ အခက်အခဲပြဿနာရဲ့ နောက်ဆက်တွဲ မြန်မာရဲ့ ကုန်ဈေးနှုန်း မြင့်တက်နိုင်မှုကိုကြည့်ရင် ဒေသတစ်ခုနဲ့တစ်ခု မတူပေမယ့် တချို့ကုန်စည်တွေဟာ ၃၀၊ ၄၀ ရာခိုင်းနှုန်းအထက်တွေ တက်သွားတာ တွေ့ရပါတယ်။ ဆီဈေးက အရှေ့တောင်အာရှ နိုင်ငံတွေထက် အစိုးရက နိုင်ငံခြားငွေ ရောင်းပေးပြီး ဈေးသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် လောင်စာဆီ ပြဿနာ မဖြစ်မီကထက် ဆီဈေး ၂ ဆကျော်ထိ တက်သွားတော့ ကုန်သွယ်စရိတ်တိုးပြီး ကုန်ဈေးနှုန်းက တရိပ်ရိပ် လိုက်တက်လာပါတယ်။
မြန်မာက အခြားနိုင်ငံတွေထက် အပေါ်က ပြောခဲ့သလို တစ်ဦးချင်းဝင်နည်းတော့ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ပိုခံရပြီး ပိုကျပ်တည်းစေပါတယ်။ မေ ၁၈ ရက်မှာ WFP က ထုတ်ပြန်တဲ့ အစီရင်ခံစာအရဆိုရင် မြန်မာမှာ အခြေခံစားသောက် ကုန်ဈေးနှုန်း ၁၈ ရာခိုင်နှုန်းအထိမြင့်တက်နေတယ်လို့ ဆိုပါတယ်။
“လက်ရှိ မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၂ ဒသမ ၄ သန်းဟာ လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒသမ ၇ သန်းဟာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ဆိုထားပါတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ တစ်နိုင်ငံလုံးအနှံ့ ၁၈ရာခိုင်နှုန်းထိ မြင့်တက်နေပြီး၊ မကွေးတိုင်းဒေသကြီးမှာ ၃၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်နေတယ်လို့ WFP က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက လူစားသုံးမှုအများဆုံးဖြစ်တဲ့ ဧည့်မထဆန်ဆိုရင် တစ်အိတ်ကို ရှစ်သောင်းခွဲပဲ ရှိရာကနေ လက်ရှိမှာ တစ်အိတ်ကို တစ်သိန်းနီးပါးမှာရှိပါတယ်။
အလားတူပဲ အခြေခံစားကုန်၊သုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်ဆိုရင်လည်း မတ်လတုန်းက ၂၅၀၀ ကနေ ၃၀၀၀ ကြားရှိရာကနေ အခုချိန်မှာ တစ်ပိဿာကို ကျပ် ၃၂၀၀ ကနေ ၃၈၀၀ အကြားမှာရှိပါတယ်။ လူသုံးကုန်ပစ္စည်းတွေကလည်း သယ်ယူပို့ဆောင်ခစရိတ်တွေမြင့်တက်လာ တဲ့အတွက်ကြောင့် ဈေးတွေတက်လာပါတယ်။
နိုင်ငံအများစုမှာ ဆီဝယ်ယူခွင့်ကို Coda နဲ့ ကန့်သတ်လုပ်ဆောင်ပေမယ့် မြန်မာမှာတော့ စုံ/မ စနစ်နဲ့ မော်တော်ယာဉ်တွေ အသုံးပြုမှုကို ကန့်သတ်ထားတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အဲ့ဒီလိုကန့်သတ်ထားတဲ့အတွက်ကြောင့် မြို့တွင်းသယ်ယူပို့ဆောင်တဲ့စရိတ်တွေ တက်လာသလို ယာဉ်သုံးစွဲရမှုက အကန့်အသတ်နဲ့ ဖြစ်လာတော့ transportation အတွက် ကိုယ်ပိုင်ယာဉ်ရှိတဲ့သူတွေဟာ ရက်အကန့်အသတ်နဲ့ သုံးရလို့ Transportation စရိတ်က ပိုကုန်ကျလာခဲ့ပါတယ်။
အဲဒီတော့ တစ်ဖက်က ပြန်တွက်ရင် ဆီချွေတာမှု၊ လောင်စာဆီပြဿနာ ဖြေရှင်းရေး မူဝါဒ မှာ စုံ/မ ကန့်သတ်မှုကြောင့် နိုင်ငံက ဆီအတွက် စရိတ်လျော့ချနိုင်မှု အမှန်တကယ် ဖြစ်၊ မဖြစ် ပြန်ဆန်းစစ် ရတော့မှာဖြစ်နေပါတယ်။ ဒီစနစ်က လူမှုဘဝမှာ အနည်းနဲ့အများ ထိခိုက်မှုရှိနိုင်လို့ ပြည်သူများအကြား ပြောဆိုဝေဖန်တာတွေ၊ ဒါကို ပြင်ဆင်တာ ပယ်ဖျက်တာ လုပ်ပေးဖို့ သုံးသပ်ထောက်ပြကြတဲ့ အသံတွေကို သိမြင်နေကြပြီးလည်းဖြစ်ပါတယ်။ ဆီချွေတာရေးနဲ့ စွမ်းအင်မူဝါဒမှာ ဒါဟာ အားနည်းချက်ဟုတ်၊ မဟုတ် အဆိုးလား အကောင်းလားဆိုတာ အချက်အလက်ရယ် ပြည်သူ့အသံရယ်နဲ့ ချိန်နိုင်ပါပြီ။ ပြောရမယ်ဆိုရင် အဆိုးတွေကတော့ သယ်ယူပို့ဆောင်ရေးစနစ်မှာ Collapse ဖြစ်သွားတာနဲ့ စုံ/မ စနစ်ကြောင့်လို့ ဆိုရမှာပါ။
ပြီးတော့ အခုရက်ပိုင်းမှာပဲ အများပြည်သူသုံးစွဲနေတဲ့ မော်တော်ယာဉ်တွေနဲ့ ပတ်သက်လို့ ကောလာဟလတွေကလည်း ထွက်လာပါသေးတယ်။ နှစ် ၂၀ သက်တမ်းရှိကားတွေ ဖျက်မယ် စတဲ့ မသမာသူအချို့ရဲ့ လက်ချက်နဲ့ အသံတွေ လူမှုကွန်ရက်တွေမှာ ပျံ့ခဲ့ပါတယ်။ အဲ့ဒီကနေ နောက်ဆက်တွဲအဖြစ် လူအများကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တယ်။ နှစ် ၂၀ ကားတွေအပ်ရပြီးတော့ EV တွေပဲ ဝယ်ရတော့မလားဆိုတဲ့ စိုးရိမ်မှုအသံတွေ ကျယ်လာတာ တွေ့ရပါတယ်။
ကျွန်တော်တို့လို တစ်ဦးချင်းဝင်ငွေနိမ့်တဲ့နိုင်ငံမှာ EV ကားတွေကို ဆီကားတွေနဲ့ အစားထိုး လိုက်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေတခု မဟုတ်တာ အားလုံးအသိပဲဖြစ်ပါတယ်။ EV ကားဈေးနှုန်းတွေကလည်း ထိုင်းနိုင်ငံတွေနဲ့ ယှဉ်ရင် နှစ်ဆကျော်၊ ကမ္ဘောဒီးယားလို နိုင်ငံတွေနဲ့ယှဉ်ရင် သုံး၊ လေးဆကျော်လောက်အထိ များနေတာ။ ဒီလိုအခြေအနေမျိုးမှာ နှစ် ၂၀ သက်တမ်းရှိတဲ့ကားတွေကို ဖျက်ပြီးတော့ EV တွေနဲ့ အစား ထိုးမယ်ဆိုတာက လက်တွေ့မကျနိုင်ပါဘူး။ လုပ်လို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ နှစ် ၂၀ ကားတွေဆိုတာက ဦးသိန်းစိန်လက်ထက်က တင်သွင်းလာခဲ့တဲ့ ကားတွေပါ။ တစ်ခုတော့ လုပ်လို့ရတယ်။ မြန်မာနိုင်ငံမှာရောက်ပြီး နှစ် ၂၀ ကြာ မှတ်ပုံတင်ထားတဲ့ကားတွေကို စိစစ်မယ်ဆိုရင်တော့ တစ်မျိုး ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ က တင်သွင်းထားတဲ့ကားကိုတော့ ၂၀၃၀ ကျရင် သေချာစိစစ်မယ်ဆိုရင် တစ်မျိုးဖြစ်ပါမယ်။ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ပြီးကတည်းက နှစ် ၂၀ သုံးမယ်ဆိုရင်တော့ တစ်မျိုးဖြစ်နိုင်တယ်။ မဟုတ်ဘဲနဲ့ ထုတ်လုပ်သက်တမ်း နှစ် ၂၀ ကိုဖျက်မယ်ဆိုရင် လူလတ်တန်းစားတွေ အခက်အခဲတွေအများကြီးဖြစ်မယ်။ Transport System ရော Collapse ဖြစ်သွားနိုင်ပါတယ်။ ကြက်ဆူစီမံကိန်းနဲ့ အလားတူဖြစ်သွားနိုင်တယ်။ နောက်တစ်ခုက စုံ၊မ စနစ်။ စုံ၊ မ စနစ်ကျင့်သုံးတဲ့အခါ ကြက်ဆူစနစ်လိုပဲ အပေါ်က မူဝါဒချလိုက်တယ်။ အောက်မှာ ကားအစီးရေ ကား ၁၀၀၀ ဖမ်းတယ်ဆိုပေမဲ့ တကယ်ကျတော့ ကားအစီးရေ ငါးဆမက လူအတော်များများ ယာဉ်ထိန်းရဲတွေကို လာဘ်ပေးတာတွေရှိခဲ့နိုင်တယ်လို့ သိရပါတယ်။ စုံစမ်းမှုတွေအရ ဥပမာ- တချို့က မ ကားဆို စုံနေ့၊ စုံကားဆို မ နေ့မှာ ထွက်ကြရတယ်။ တချို့က ခိုးထွက်တယ်။ လူမှုကွန်ယက်မှာပျံ့နှံနေမှုမှာ Facebook သုံးစွဲသူတစ်ဦးရဲ့ အဆိုအရဆိုရင် သူက ခိုးထွက်တယ်။ သူတက္ကစီစီးရင် တစ်ရက် ၄ သောင်းကုန်တယ်။ အဲဒီအစား သူ့ကားကို သူစီးတဲ့အတွက် တစ်ခါမိရင် ၁၅၀၀၀/ ၂၀၀၀၀ ပေးရမယ်။ နှစ်ခါမိလည်း မရှုံးဘူး။ သုံးခါ မိမှ ရှုံးမယ်။ တစ်ခါတလေ တစ်ချို့ရက်တွေ သူလွတ်တယ်။ တချို့ရက်တွေ ခိုးထွက်ရတယ်။ ဆိုလိုတာက လာဘ်ပေးလာဘ်ယူက အပေါ်က ပေါ်လစီတွေအပေါ်မူတည်ပြီးတော့ အောက်မှာ ဦးသန်းရွှေလက်ထက်တုန်းကလို လယ်မြေဧက သိန်းနဲ့ချီ သိမ်းလိုက်တာမျိုးတွေ။ အခုလည်းစုံ/မ စနစ် ပေါ်မူတည်ပြီးအောက်မှာ လာဘ်ပေးလာဘ်ယူတွေ များနေပါမယ်။ အဲဒါကြောင့်မို့လို့ အခုစွမ်းအင် မူဝါဒမှာ အားနည်းချက် ဖြစ်နိုင်တဲ့ EV ကား ပြဿနာ၊ EV ကားတင်သွင်းရာမှာလည်း စွမ်းအင်မူဝါဒနဲ့ ချိတ်ဆက်တာမျိုး၊ စုံ၊/မ စနစ်နဲ့ ယာဉ်အသုံးပြုရမှုကို ပယ်ဖျက်တာမျိုး လုပ်သင့်တယ်လို့ တင်ပြရတာပဲဖြစ်ပါတယ်။
အခုချိန်မှာ တစ်နှစ်ကို EV ကားအစီးရေ နှစ်သောင်းသွင်းတာတောင် မလောက်ပါဘူး။အခု EV ကားကို ဝယ်ချင်တဲ့သူက တစ်နှစ် နှစ်သောင်း မကဘူး။ သုံးသောင်း လေးသောင်းအထိလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ SKD ကားတွေများများတင်သွင်းခွင့်ပေးဖို့ လိုနေပါတယ်။ ဒါပေမဲ့ EV အတွက် အခွန်တွေတော့ လျှော့စရာ မပါလိုဘူး။ တိုင်းပြည်အခွန် နစ်နာစရာလည်း မလိုပါဘူး။ SKD ကားတွေကို သေချာစိစစ်။ မှန်မှန်ကန်ကန် ရောင်းတဲ့သူတွေက ဘယ်သူတွေလဲ။ ဈေးနှုန်းကို ထိန်းသိမ်း။ SKD တွေက တစ်နှစ် ၅၀၀၀/၁၀၀၀၀ မတင်သွင်းဘဲ ပြည်တွင်းမှာ EV ဈေးနှုန်းက ကျနိုင်မှာ မဟုတ်ပါဘူး။ များများထုတ်နိုင်ရင် ဈေးနှုန်းက ကျမယ်။ ယာဉ်အိုယာဉ်ဟောင်း အပ်စရာ မလိုဘဲနဲ့ကို EV Demand က တစ်နှစ် ၃၀၀၀၀ ဝန်းကျင်ရှိနိုင်ပါတယ်။ အခုဆိုရင် EV ဝယ်မယ့်သူတွေ ပေါနေပါပြီ။ တချို့ လိုချင်တဲ့ချိန် ဝယ်လို့တောင်မရပါဘူး။ အဲဒီတော့ လုပ်ပေးရမှာ နှစ်ချက်ပဲရှိပါတယ်။ SKD ကားတွေကို များများတင်သွင်းခွင့်ပေး။ စက်ရုံတည်ဆောက်ထားပြီး တစ်နှစ် ၁၀၀၀၀ လောက်မှ ထုတ်မရရင် ဈေးနှုန်းက မကျနိုင်ပါဘူး။ ဈေးနှုန်းကို အစိုးရက ထိန်းသိမ်းပေးရပါမယ်။ အခွန်တွေကို လျှော့စရာမလိုပါဘူး။ SKD အတွက်လည်း အခွန်လျှော့ဖို့မလိုဘူး။ ကျွန်တော်တို့ ခန့်မှန်းတာက တစ်နှစ် နှစ်သောင်း သုံးသောင်းလောက်တင်သွင်းရင်လည်း ဝယ်မယ့်သူက အများကြီးပါပဲ။ အဲတော့ တင်သွင်းမယ့်အစား ဒီမှာ SKD ကားကုမ္ပဏီတွေ ၅ ခုထက်မနည်း ရှိထားတယ်။ (၁) များများတင်သွင်းခွင့်ပေးလိုက်ပါ။ (၂) အခွန်လျှော့တာ၊ ကင်းလွတ်ခွင့်ပေးတာ လုပ်ဖို့ မလိုဘဲ တိုင်းပြည် အခွန် မနစ်နာ အောင်လုပ်သင့်ပါတယ်။
■ ဘယ်လိုကုစားကြမလဲ
ဘယ်လိုကိစ္စမှာပဲ ဖြစ်ဖြစ် ကောင်းတာရှိသလို အခြားတစ်ဖက်မှာလည်း အဆိုးဆိုတာ ရှိပါတယ်။ စွမ်းအင်ကို ထိန်းချုပ်ထားတဲ့အခြေအနေမှာ စက်သုံးဆီတင်သွင်းမှုလျှော့ကျလာတာတွေ၊ အရင်တုန်းက ရက် ၄၀ စာ ပဲရှိတယ်ဆိုရာကနေ စက်သုံးဆီက အခုချိန်မှာ ရက် ၆၀ အထိ လက်ထဲရှိနေတာတွေ၊ QR စနစ်နဲ့ ဆီဝယ်ယူမှုတွေက ကောင်းမွန်တဲ့ အခြေအနေတွေဖြစ်ပါတယ်။
ဆိုးသလားဆိုရင် အထက်ကပြောသလို မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုမြင့်တက်လာတာပါ။ တခြားနိုင်ငံတွေမှာလည်း ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားရပေမယ့် မြန်မာကတော့ တခြားနိုင်ငံတွေထက်စာရင် ပိုခံရပါတယ်။ ငွေကြေးဖောင်းပွမှုဖြစ်စေတာမှာ ယာဉ်အသုံးပြုမှု စုံ/မ စနစ်ရဲ့ အားနည်းချက်ကြောင့်လည်း ပါပါတယ်။ ဒီစနစ်က သယ်ယူပို့ဆောင်ခစရိတ်တွေ မြင့်တက်မှုကို ဖြစ်စေပါတယ်။ ဒါတွေကိုတော့ အမြန်ဆုံး ကုစားပေးဖို့လိုအပ်ပါတယ်။ အဓိက,က ကုန်ဈေးနှုန်းတက်လာရင် ငွေကြေးဖောင်းပွမှုတွေဖြစ်လာတာပါပဲ။
စက်သုံးဆီကို ထပ်မံထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် မသမာတဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ၊ မမှန်မကန်လုပ်တဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အရေးယူရမှာဖြစ်ပြီးတော့ သူပုန်နယ်မြေတွေကို စက်သုံးဆီတွေမရောက်အောင်၊ တရားမဝင်သယံဇာတ တူးဖော်နေတဲ့နေရာတွေကို ဆီတင်ပို့မှုတွေ မရှိအောင် အခုထက်ပိုမိုစိစစ်ကြပ်မတ်ရ မှာပဲဖြစ်ပါတယ်။ လက်နက်ကိုင်သူပုန်အဖွဲ့တွေ ရှိတဲ့ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ချင်း အစရှိတဲ့ မြို့တွေက နေရာတွေကို တရားမဝင်နည်းလမ်းတွေနဲ့ စက်သုံးဆီတွေ မရောက်အောင် စိစစ်ကြပ်မတ်ဖို့ အဲဒီလမ်းကြောင်းတစ်လျောက် လာဘ်ပေးလာဘ်ယူနဲ့ အဂတိ မရှိအောင် လုပ်ဖို့ လိုအပ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရီးယားစစ်ပွဲက သုံးနှစ်ကြာတယ်၊ ဗီယက်နမ်စစ်ပွဲက ခုနစ်နှစ်ကြာတယ်ဆိုပြီး စစ်ပွဲတွေရဲ့ ကြာချိန်တွေကို ပြောခဲ့ပါတယ်။ အခုအီရန်စစ်ပွဲကတော့ ဖေဖော်ဝါရီမှာ စတင်ခဲ့တာဖြစ်ပြီးတော့ အခုချိန်မှာ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေသလို ဟော်မုဇ်ရေလက်ကြားကိုလည်း ပုံမှန်ပြန်ဖွင့်တာမရှိသေးပါဘူး။ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အီရန်စစ်ပွဲရဲ့ ရှေ့အလားအလာက ဘယ်လိုလာမလဲ မသိနိုင်သေးပါဘူး။
အခုလို အခက်အခဲအကျပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံကောင်စီ အစရှိတဲ့ အဖွဲ့အစည်းအသီးသီးပေါ်လာပြီဖြစ်တဲ့အတွက်ကြောင့် စက်သုံးဆီအကျပ်အတည်းနဲ့ စွမ်းအင်မူဝါဒ အဆိုး၊ အကောင်းတွေကို မှန်ကန်စွာ အဖြေရှာပေးနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ကောင်စီအနေနဲ့ကလည်း နိုင်ငံတော်သမ္မတကို စက်သုံးဆီနဲ့ ပတ်သက်ပြီး အကြံပြုမှုတွေ၊ လွှတ်တော်အနေနဲ့လည်း အများပြည်သူဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်ကိစ္စတွေကို ဆွေးနွေးကြရမှာပဲဖြစ်ပါတယ်။
စွမ်းအင်အကျပ်အတည်းကာလ မူဝါဒ အဆိုး၊ အကောင်းတွေကို ရေးသားတင်ပြလိုက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေ ချောင်လည်အဆင်ပြေစေဖို့၊ နိုင်ငံအတွက် ရသင့်တဲ့အခွန်အခတွေ ရရှိစေဖို့နဲ့ အစိုးရရဲ့ အကျပ်အတည်းလည်း ပြေလည်စေဖို့ တာဝန်ရှိအဖွဲ့အစည်းအသီးသီးက ချင့်ချိန်သုံးသပ် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် တိုက်တွန်းရေးသားလိုက်ရတာဖြစ်ပါတယ်။









