အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်၏သန့်စင်ပြီး ယူရေနီယမ်များကို ရှာဖွေသိမ်းဆည်းခြင်းသည် အရင်းခံအားဖြင့် နိုင်ငံရေးပုံရိပ်ကောင်းစေရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အစ္စရေးကမူ အီရန်၏သန့်စင် ယူရေနီယမ်များကို တောင်းဆိုခြင်းသည် ရည်မှန်းချက်တစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“အဲဒါတွေကို ရရင်တော့ ပိုကောင်းပါတယ်။ တကယ်တမ်းကျတော့ အီရန်ရဲ့သန့်စင်ပြီးသား ယူရေနီယမ်တွေကို ရှာဖွေသိမ်းဆည်းတာဟာ အများအမြင်ကောင်းအောင် လုပ်တယ်ဆိုတာထက် မပိုဘူးလို့ထင်ပါတယ်” ဟု ထရန့်က တရုတ်နိုင်ငံတွင်ရှိနေချိန် Fox News သတင်းဌာန၏ပင်တိုင်သတင်းတင်ဆက်သူ ရှောင်ဟန်နီတီကိုနှင့် အင်တာဗျူးရာတွင် ဖြေကြားခဲ့သည်။
ထိုအင်တာဗျူးကို မေ ၁၄ ရက်ညပိုင်းတွင် အမေရိကန်၌ Fox News က ထုတ်လွှင့်ခဲ့သည်။
“ကျွန်တော်တို့ လုပ်နိုင်တဲ့ တခြားအရာကတော့ အဲဒါတွေကို ဗုံးထပ်ကြဲဖို့ပါ။ ဒါပေမဲ့ အဲဒီယူရေနီယမ်တွေကို ရမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ကျွန်တော်တို့ အဲဒါတွေကို ရပါလိမ့်မယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
အမေရိကန်-အစ္စရေးတို့နှင့်အီရန်တို့ ဖြစ်ပွားနေသော စစ်ပွဲပြီးပြီဟု မစဉ်းစားမီ အီရန်၏သန့်စင်ယူရေနီယမ်များကို ရှင်းလင်းပစ်ရမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ယူရေနီယမ်ကို မည်သည့် ဖယ်ရှားနိုင်သနည်းဟု CBS သတင်းထောက်က မေးမြန်းသည့်အခါ နေတန်ယာဟုက “သွားရောက်ဖယ်ရှားပစ်ရမှာပါ” ဟု ဖြေခဲ့သည်။
ထရန့်က လွန်ခဲ့သောနှစ် ဇွန်လထဲတွင် အီရန်၏အရေးကြီးသော နျူကလီးယားတည် နေရာသုံးနေရာကို ဗုံးကြဲတိုက်ခိုက်ရန် ညွှန်ကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အစ္စရေးနှင့် အီရန်တို့ ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာစစ်ပွဲ တွင် အမေရိကန်က အီရန်၏နျူကလီးယား တည်နေရာများကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ထိုနေရာများကို လုံးဝချေမှုန်းပစ်လိုက်ပြီဟု ထရန့်ကကြေညာခဲ့သည်။ ထရန့်က အီရန်၏နျူုကလီယားတည်နေရာများကို ဖျက်ဆီးပစ်ခဲ့ပြီဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်ဆိုသော်လည်း ယခုနှစ်ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်က အီရန်ကိုတိုက်ခိုက်ရခြင်းမှာ အီရန်၏သန့်စင်ပြီးယူရေနီ ယမ်များကြောင့်ဖြစ်ကာ အီရန်သည် အဏုမြူဗုံးကို ထုတ်လုပ်ရန် နီးစပ်နေပြီဟူသော စွပ်စွဲမှုများကို အခြေခံခဲ့ခြင်းဖြစ်သည်။ အီရန်က အဏုမြူဗုံးထုတ်လုပ်ရန်နီးစပ်နေပြီဟူသော ပြောဆိုမှုများကို ကုလသမဂ္ဂနျူ ကလီးယားအေဂျင်စီဖြစ်သည့် IAEA က ထောက်ခံခြင်းမရှိပေ။
အသက် ၇၉ နှစ်အရွယ် ရီပတ်ဘလီကင်ထရန့်သည် အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် ပြည်တွင်း ဖိအားပေးမှုများကို ပိုခံနေရသည်။ အီရန်၏နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ထားပြီဟု ထရန့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့က တစ်ချိန်ချိန်မှာတော့ အဲဒီကိစ္စကို ကိုယ်တွယ်ရပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့ ဘယ်အချိန်မှာမဆို လုပ်လို့ရပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်နေရပါလိမ့်မယ်” ဟု ထရန့်က အလွတ်ရုပ်သံ သတင်းထောက် ရှယ်ရီအတ်ကင်ဆင်ကို ပြောကြားခဲ့သည်။
အီရန်က ၎င်း၏ယူရေနီယမ်သန့်စင်ရာ နေရာများကို ပြောကြားခြင်းမရှိပေ။ ထို့ကြောင့် ယင်းတို့ မည်သည့်နေရာတွင်ရှိသလဲ ဆိုသည်ကို မသိရသဖြင့် သိမ်းဆည်းခြင်းသည် ခက်ခဲမည်ဟုဆိုသည်။















