ဆူဒန်ပဋိပက္ခကြောင့် မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ကို အရေးယူဖို့ ဗြိတိန်အစိုးရ တိုက်တွန်းခံထားရ

ဆူဒန်ပဋိပက္ခကြောင့် မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ကို အရေးယူဖို့ ဗြိတိန်အစိုးရ တိုက်တွန်းခံထားရ
Photo: X
Photo: X
Published 13 May 2026

ဗြိတိန်အစိုးရဟာ ဆူဒန်ပဋိပက္ခကြောင့် မန်စီးတီးအသင်းပိုင်ရှင် ယူအေအီးစော်ဘွား ရှိတ်မန်ဆော်ကို အရေးယူဖို့ ဖိအားပေးတိုက်တွန်းခံထားရကြောင်း သိရပါတယ်။

ရှိတ်မန်ဆော်က ယူအေအီးနိုင်ငံရဲ့ ဒုတိယသမ္မတ၊ ဒုတိယဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ယူအေအီးနိုင်ငံက ဆူဒန်ပြည်တွင်းပဋိပက္ခမှာ ဆူဒန်အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ RSF(Rapid Support Forces)အဖွဲ့ကို ထောက်ပံ့ပေးနေကြောင်း စွပ်စွဲခံထားရပါတယ်။

RSF အဖွဲ့က လူ့အခွင့်အရေးချိုးဖောက်တဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတာကြောင့် မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်နဲ့ ဆက်စပ်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးပြီး အရေးယူမှုပြုလုပ်ဖို့ ဗြိတိန်အစိုးရကို ဖိအားပေးနေကြတာပါ။

ဒါကြောင့် ရုရှားနဲ့ ယူကရိန်းရဲ့ ပဋိပက္ခဖြစ်စဉ်မှာ ရုရှားသူဌေး အေဘရာမိုဗစ်ချ် ချယ်လ်ဆီးအသင်းကို ရောင်းထုတ်ခဲ့ရသလိုမျိုး မန်စီးတီးအသင်းပိုင်ရှင်တွေလည်း ဗြိတိန်အစိုးရရဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရရင် အသင်းကို ရောင်းထုတ်ရနိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ ယူအေအီးနိုင်ငံက ဆူဒန်ပဋိပက္ခမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆန်ထားတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက်(၁၁၅)ချက်နဲ့ ရင်ဆိုင်နေရပေမဲ့ အရေးယူခံရခြင်းမရှိသေးပါဘူး။

 

Most Read

Most Recent