ဟားမာ့စ်နှင့် မဟာမိတ်အဖွဲ့များက အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့သည်ဟု အစ္စရေး စုံစမ်းရေးကော်မရှင် ထုတ်ပြန်

ဟားမာ့စ်နှင့် မဟာမိတ်အဖွဲ့များက အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့သည်ဟု အစ္စရေး စုံစမ်းရေးကော်မရှင် ထုတ်ပြန်
Published 12 May 2026
Ref;AFP

ဟားမာ့စ်နှင့် မဟာမိတ်အဖဲဲွ့များက အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုနှင့် ဂါဇာသို့ ၎င်းတို့ဖမ်းဆီးခေါ် ဆောင်သွားသော ဓားစာခံများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့သည်ဟု သီးခြားလွတ်လပ်သော အစ္စရေးစုံစမ်းစစ်ဆေးရေးကော်မရှင်က မေ ၁၂ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

အမျိုးသမီးများနှင့်ကလေးများကို အောက်တိိုဘာ ၇ ရက်တွင် ဟားမာ့စ်ကျူးလွန်သော ရာဇဝတ်မှုများကို အရပ်ဘက်ကော်မရှင်က စာမျက်နှာ ၃၀၀ ပါသောအစီရင်ခံစာ ပြုစုခဲ့ပြီး ထိုအစီရင်ခံစာသည် ရှေ့ပြေးစုံစမ်းစစ်ဆေးမှုများကို အခြေခံထားခြင်းဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့် ကုလသမဂ္ဂ၏စုံစမ်းစစ်ဆေးမှုများကိုလည်း အခြေခံထားသည်ဟု ဖော်ပြခဲ့သည်။ အဆိုပါရာဇဝတ်မှုများကို ကျူးကျော်တိုက်ခိုက်ချိန်တွင်လည်းကောင်း၊ ဂါဇာကမ်းမြောင်တွင် စစ်ဖြစ်နေချိန်အတွင်း ဓားစာခံများကိုလည်းကောင်း ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

“နှစ်နှစ်ကြာ သီးခြား စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် အရပ်ဘက်ကော်မရှင်ကကောက် ချက်ချရာမှာတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကျား-မ အခြေပြု အကြမ်းဖက်မှုတို့ကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒါတွေကို အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနဲ့ တိုက်ခိုက်မှုဖြစ်ပွားအပြီးမှာ ကျူးလွန်တာဖြစ်ပါတယ်” ဟု ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲတွင် အစ္စရေး ဥပဒေပညာရှင်များက ဖန်တီးခဲ့သည့် ကော်မရှင်က ၎င်းအစီရင်ခံစာတွင် ရေးသားခဲ့သည်။

“နေရာအမျိုးမျိုး၊ ပြန်ပေးဆွဲတာ၊ ဓားစာခံလွှဲပြောင်းတာ၊ ချုပ်နှောင်တာတွေအပါအဝင် စော်ကားမှုအဆင့် အမျိုးမျိုးမှာ ဟားမာ့စ်နဲ့အပေါင်းအပါအဖွဲ့တွေဟာ ဒုက္ခရောက်နေသူတွေကို လိင်ပိုင်းစော်ကားတာ၊ နှိပ်စက်ညှင်းပန်းတာတွေ ထပ်တလဲလဲ လုပ်တဲ့ နည်းဗျူဟာကို အသုံးပြုခဲ့ကြပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အဲဒီရာဇဝတ်မှုတွေဟာ ပြင်းထန်လွန်းတဲ့ ရက်စက်မှု၊ နက်ရှိုင်းတဲ့ လူ့ဒုက္ခတွေကို အမှတ်အသားပြုနေပါတယ်။ အကြမ်းဖက်မှုနဲ့အရှက်ကွဲတာကို ကြီးမားစေဖို့ ရည်ရွယ်လုပ်တယ်ဆိုတာကို ထင်ဟပ်နေပါတယ်” ဟု ဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးသူများကမူ ၎င်းတို့သည်  လူနေရပ်ကွက်များ၊ နိုဗာဂီတပွဲတော်ကျင်းပရာကွင်း၊ ယင်း၏အနီးအနားနေရာများ၊ ကားလမ်းများ၊ နားခိုရာနေရာများ၊ စစ်ဘက်အဆောက်အအုံများ၊ သေဆုံးသူတို့၏ရုပ်အလောင်းများကို ဖော်ထုတ်ရာတွင် အသုံးပြုခဲ့သော အဆောက်အအုံများအပါအဝင် တည်နေရာအသီးသီးမှ ရရှိခဲ့သောပစ္စည်းများ၊ အရာများကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

“အစီရင်ခံစာဟာ တိကျတဲ့အချက် အလက်မှတ်တမ်း၊ အသက်ရှင်ကျန်ရစ်သူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊ မျက်မြင်ကြုံ ရသူတွေရဲ့ထွက်ဆိုချက်တွေ၊ ဗီဒီယိုတွေ၊ တရားဝင်မှတ်တမ်းတွေ၊ တိုက်ခိုက်ရာ နေရာတွေကနေရတဲ့ အခြားအရင်းအခံအထောက်အထားပစ္စည်းတွေကို အခြေတည်ထားတာပါ” ဟု ဆက်လက်ဖော်ပြထားသည်။

ကော်မရှင်သည် တိုက်ခိုက်မှုကို ရိုက်ထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုအပိုင်းအစ ၁၀၀၀၀ ကျော်ကို စနစ်တကျစိစစ်ခဲ့ရာ ယင်းမြင်ကွင်းများကို စုစုပေါင်းနာရီ ၁၈၀၀ ကျော် စိစစ်ခဲ့သည်ဟု ဆိုသည်။ 

ကော်မရှင်ကအသက်ရှင်ကျန်ရစ်သူများ၊ မျက်မြင်ကြုံရသူများနှင့်တရားဝင်မေးမြန်းမှု၊ အလွတ်သဘောမေးမြန်းမှု၊ ထွက်ဆိုချက်၊ တွေ့ဆုံမှု ၄၃၀ ကျော်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ပြန်ရောက်လာသော ဓားစာခံများနှင့် မိသားစုဝင်များကိုလည်း မေးမြန်းခဲ့သည်ဟု ဆိုသည်။       

 

Most Read

Most Recent