အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွက် အစ္စ​ရေးစစ်ခုံရုံးဖွဲ့ရန် အတည်ပြုလိုက်ပြီး ဟားမာ့စ်အဖွဲ့ဝင်များ သေဒဏ်ကျဖွယ်ရှိ

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွက် အစ္စ​ရေးစစ်ခုံရုံးဖွဲ့ရန် အတည်ပြုလိုက်ပြီး ဟားမာ့စ်အဖွဲ့ဝင်များ သေဒဏ်ကျဖွယ်ရှိ
Published 12 May 2026

၂၀၂၃ ခုနှစ် ၊ အောက်တိုဘာတိုက်ခိုက်မှုအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ရာနှင့်ချီသည့် ဟားမတ်စ်လက်နက်ကိုင်များအတွက် အထူးစစ်ခုံရုံးဖွဲ့စည်းရန် အစ္စရေးတွင် မေ ၁၁ ရက်က အတည်ပြုလိုက်ပြီဖြစ်ပြီး ဟားမာ့စ်အဖွဲ့ဝင်များ သေဒဏ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

စစ်ခုံရုံးဖွဲ့မည့် ယင်းဥပဒေကို ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ အစိုးရညွန့်ပေါင်းအဖွဲ့နှင့် အတိုက်အခံအဖွဲ့အများစုက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲမရှိဘဲ အတည်ပြုလိုက်ခြင်းဖြစ်သည်။

"အောက်တိုဘာ ၇ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တရားစွဲဆိုရေးဥပဒေ" ဟု အမည်ပေးထားသည့် အဆိုပါဥပဒေအရ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးတွင် ဖမ်းဆီးထားသည့် ဟားမာ့စ်နူခ်ဘာ အထူးတပ်ဖွဲ့ဝင် ၄၀၀ ခန့်ကို တရားစွဲဆိုရန် စစ်ခုံရုံးတစ်ခု သီးသန့်ဖွဲ့စည်းသွားမည်ဟု အစ္စရေးအရာရှိတစ်ဦးက CNN ကို​ပြောသည်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမာ့စ်ဦးဆောင်သော အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံသား ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

ယခုဥပဒေတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ပြစ်မှုထင်ရှားသူများကို သေဒဏ်ပေးနိုင်သည့် ဥပဒေမူဘောင် ပါဝင်သည်။ အဆိုပါစစ်ခုံရုံးကို တည်ထောင်ပြီး တရားစွဲဆိုမှုများ စတင်ရန် လအနည်းငယ် ကြာမြင့်နိုင်ကြောင်း အစ္စ​ရေးအရာရှိက ဆိုသည်။

ခုံရုံးကို ဂျေရုဆလင်မြို့တွင် အခြေစိုက်မည်ဖြစ်ပြီး ကြားနာမှုများကို အများပြည်သူ သိရှိနိုင်စေရန် အသံနှင့်ဗီဒီယိုများ ရိုက်ကူးထားမည်ဖြစ်ကာ အဓိကကြားနာမှုများကို သီးသန့်ဝက်ဘ်ဆိုဒ်တစ်ခုတွင် တင်ပေးထားမည်ဖြစ်သည်။

တရားစီရင်ရေးအဖွဲ့များကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ်းစား ခရိုင်တရားသူကြီးများက ဦးဆောင်သွားမည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် မပါဝင်ခဲ့သော်လည်း တရားခံများ၏ ခုခံချေပမှုဆိုင်ရာ ကုန်ကျစရိတ်များကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ထံ လွှဲပြောင်းပေးရမည့် ရန်ပုံငွေထဲမှ ဖြတ်တောက်သွားမည်ဟု ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

တရားရေးဝန်ကြီး ယာရစ်ဗ် လီဗင်က "ဒီဥပဒေဟာ တရားမျှတမှုကို ဖော်ဆောင်ပေးရုံတင်မကဘဲ အောက်တိုဘာ ၇ ရက် ကြောက်မက်ဖွယ်သတ်ဖြတ်မှုမှာ ပါဝင်သူတွေ၊ သေဆုံးသူတွေနဲ့ ဓားစာခံတွေအကြောင်း သမိုင်းမှတ်တမ်းကို မျိုးဆက်အဆက်ဆက် တည်ရှိနေစေမှာပါ" ဟု ပြောကြားခဲ့သည်။ထို့ပြင် ဂါဇာသို့ ဖမ်းခေါ်ခံခဲ့ရသည့် ဓားစာခံများအပေါ် ကျူးလွန်သည့် ပြစ်မှုများကိုလည်း ယင်းဥပဒေအောက်တွင် အရေးယူသွားမည်ဖြစ်သည်။

ယခုဥပဒေသည် ပြီးခဲ့သည့်မတ်လက အစ္စရေးအစိုးရ အတည်ပြုခဲ့သည့် အကြမ်းဖက်မှုနှင့် အမျိုးသားရေးဆိုင်ရာ လူသတ်မှုများဖြင့် ပြစ်မှုထင်ရှားသည့် ပါလက်စတိုင်းများကို သေဒဏ်ပေးရန် တိုးချဲ့ပြဋ္ဌာန်းလိုက်သည့် ဥပဒေနှင့် သီးခြားစီဖြစ်သည်။

Most Read

Most Recent