ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေ့ လျှင် အနည်းဆုံး ၁၆ နာရီခန့် ဖြန့်ဖြူးပေးရန် ဖြစ်သော်လည်း ဓာတ်အားလိုင်းများ အပြစ်ဖြစ်ပေါ်ခြင်း၊ ဝန်အားထိန်းညှိရခြင်းတို့ကြောင့် အနည်းဆုံး ၁၂ နာရီမှ အများဆုံး ၂၀ နာရီခန့်အထိ ဓာတ်အားဖြန့်ဖြူးပေးနေဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က အသိပေးထုတ်ပြန်သည်။
ဧပြီ ၂၂ရက်မှစ၍ လျှပ်စစ်ဓာတ်အားကို အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်ထိ နေ့စဉ် လျှပ်စစ်ဓာတ်အား ယူနစ် ၅ ဒသမ ၆၀၆ သန်း တိုးတက် ဖြန့်ဖြူးပေးနိုင်သည်အထိ စီမံဆောင်ရွက်နိုင်ခဲ့ပြီး၊ တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ယူနစ် ၆၅ သန်းခန့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်ဟု YESC က ဆိုသည်။
တိုးမြင့်ရရှိသည့် လျှပ်စစ်ဓာတ်အားများအနက် ရန်ကုန်တိုင်းဒေသကြီးအတွက် မူလ ဖြန့်ဖြူးထားသည့် ယူနစ် သန်း ၃၀ အပြင် ထပ်မံ ခွဲဝေရရှိလာသည့် ယူနစ် နှစ်သန်းအား တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများသို့ တိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ မြို့နယ်/မြို့များအသီးသီးသို့ တစ်နေ့ လျှင် အနည်းဆုံး ၁၆ နာရီခန့် ဖြန့်ဖြူးပေးရန် ဖြစ်သော်လည်း ဓာတ်အားလိုင်းများ အပြစ် ဖြစ်ပေါ်ခြင်း၊ ည ၉ နာရီမှ ည ၁ဝနာရီအချိန်အတွင်း ဝန်အား ရုတ်တရက် တက်လာချိန်များတွင် ဝန်အားထိန်းညှိရခြင်းတို့ကြောင့် အနည်းဆုံး (၁၂)နာရီ(၅၆)မိနစ်မှ အများဆုံး (၂၀)နာရီခန့် အထိ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု YESC က ထုတ်ပြန်သည်။
ထို့ပြင် ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG ဖြင့် ဓာတ်အားရယူထားသော စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများအား အချိန်ပြည့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပြီး၊ ရုံးပိတ်ရက်များတွင် အများပြည်သူသို့ လျှပ်စစ် ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားသည်။















