တောင်ကြီး အေးသာယာမြို့တွင် အမျိုးသားတစ်ဦးကို သေစေသည်အထိ ရိုက်နှက်ခဲ့သူ နှစ်ဦးကို တစ်ရက်အတွင်း ဖမ်းမိ

တောင်ကြီး အေးသာယာမြို့တွင် အမျိုးသားတစ်ဦးကို သေစေသည်အထိ ရိုက်နှက်ခဲ့သူ နှစ်ဦးကို တစ်ရက်အတွင်း ဖမ်းမိ
Published 7 May 2026

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အေးသာယာမြို့တွင် အမျိုးသားတစ်ဦးကို သေစေသည်အထိ ရိုက်နှက်ခဲ့သူ နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း အေးသာယာ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ (၅) ရက် ည(၁၁) နာရီတွင် အခင်းဖြစ်နေရာတွင် အရက်အတူသောက်နေစဉ် သေဆုံးသူမှ မိန်းကလေးအား မဖွယ်မရာ ကြံစည်သည့်အတွက် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုရိုက်နှက်ခံရသော အမျိုးသားကို နောက်တစ်နေ့ မေလ (၆) ရက် မနက်ပိုင်း ၉ နာရီတွင် အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ အုတ်တံတိုင်းကာရံထားသည့် ၆ ကွက်တွဲ ခြံဝင်းတွင်  နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ မျက်နှာပြင် ဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းကွဲအက်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ စိုးရိမ်ရ တိုဖြင့် သတိလစ် မေ့မျောနေသည်ကို တွေ့ရှိခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားတစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူ နှစ်ဦး ကို မေလ ၆ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သူတို့က အရက်အတူတူ ထိုင်သောက်နေတာ၊ မဖွယ်မရာ လုပ်တယ်ဆိုပြီး အမျိုးသမီးဖြစ်သူ က ပေါက်ပြား နဲ့ ထုတယ်။ နောက်တစ်ယောက်ကလည်း လည်ပင်းကို ထိုးလိုက်တာ၊ သေဆုံးက အသက် ၅၅ နှစ် အရွယ် အမျိုးသား ၊ ၂၄ နာရီ အတွင်း ကျူးလွန်သူ ၂ ယောက်ကိုလည်း ဖမ်းမိပါတယ် ” ဟု အေးသာယာနယ်မြေရဲစခန်းမှ စခန်းမှူးက ဖြေကြားသည်။

ကျူးလွန်သူများမှာ ရန်ပိုင်နှင့် နှင်းနှင်းဝေတို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးနှင့်အတူ သေဆုံးသူ ဝင်းဌေးဆိုသူတို ၃ ဦးသည် ယမန်နေ့ မေလ ၅ ရက်၊ ည ၁၁ နာရီခန့်က အခင်းဖြစ်နေရာတွင် အရက်အတူသောက်နေစဉ် သေဆုံးသူမှ မိန်းကလေးအား မဖွယ်မရာ ကြံစည်သည့်အတွက် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု  သိရသည်။

အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူ ရန်ပိုင်နှင့် နှင်းနှင်းဝေတို့ ၂ ဦးအား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သာ(တောင်ကြီး)

Most Read

Most Recent