မြန်မာ့ဆေးဝါးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ထုတ်လုပ်မှုစီမံချက်ရေးဆွဲရာတွင် ဈေးကွက်လိုအပ်ချက်ကိုအခြေခံ၍ ရေးဆွဲရမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
မေ ၂ ရက်က ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည့် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားရှိသည့် ထုတ်လုပ်မှုစီမံချက်၊ ဝယ်ယူရေးစီမံချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်မှုစီမံချက်ရေးဆွဲရာတွင် ဈေးကွက်လိုအပ်ချက်ကိုအခြေခံ၍ ရေးဆွဲရမည်ဖြစ်ပြီး ဆေးတစ်မျိုးချင်းစီအလိုက် ထုတ်လုပ်ရမည့်အသုတ်လိုက် (Batch)များ တွက်ချက်ခြင်း၊ လိုအပ်သောဆေးဝါးကုန်ကြမ်းနှင့် ထုပ်ပိုးပစ္စည်းများဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်မှုအချိန် ဇယားရေးဆွဲခြင်း၊ အရည်အသွေးစံချိန် စံညွှန်းသတ်မှတ်ခြင်းနှင့် လက်ကျန်ကုန်ကြမ်းများဖြင့် ပြန်လည်ချိန်ညှိခြင်းစသည်ဖြင့် အဆင့်ဆင့်စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု စီမံချက်အပေါ်မူတည်၍ ဝယ်ယူရေးစီမံချက်ကို စနစ်တကျ ဆက်လက်ရေးဆွဲရမည်ဖြစ်ကြောင်း၊ ဝယ်ယူရေးစီမံချက်ရေးဆွဲရာတွင် ထုတ်လုပ်မှုကိုအခြေခံခြင်း၊ Principles ဖြစ်သည့် မှန်ကန်သောပမာဏကိုဝယ်ယူခြင်း၊ အချိန်မီဝယ်ယူခြင်း၊ ဈေးနှုန်းမှန်ကန်ခြင်း၊ မှန်ကန်သော ကုန်ကြမ်းထုတ်လုပ်သူမှ ရွေးချယ်ဝယ်ယူခြင်းကို လိုက်နာကျင့်သုံးခြင်း၊ လက်ကျန်ကုန်ကြမ်းများကို ထည့်သွင်းစဉ်းစားပေး ခြင်းနှင့် ကြုံတွေ့နိုင်မည့်အခက်အခဲများကို ကြိုတင်မှန်းဆပြီး ဖြေရှင်းနိုင်ရေးကို စဉ်းစားသုံးသပ်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားရှိသည့် ထုတ်လုပ်မှုစီမံချက်နှင့် ဝယ်ယူမှုစီမံချက်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းချမှတ်ခြင်း၊ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအတိုင်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြောကြားသည်။
ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်းမှ အထွေထွေမန်နေဂျာများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားရှိသည့် ထုတ်လုပ်မှုစီမံချက်၊ ဝယ်ယူရေးစီမံချက်များ၊ ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါအစည်းအဝေးသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။















