■ မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ အား မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်က ဦးဆောင်သွားမည်

■ မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ အား မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်က ဦးဆောင်သွားမည်
Published 9 April 2026

ယနေ့ ဧပြီလ (၉) ရက်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) တွင်ဖွဲ့စည်းခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ အား မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်ထူးက ဥက္ကဌအဖြစ် ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို မွန်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ အား မွန်ညီညွတ်ရေးပါတီမှ ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးမင်းအောင်ထူး က ဥက္ကဌအဖြစ်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  အမှတ် (၁) ဦးတင်ထွဋ်က အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုအပြင် အဖွဲ့ဝင်များအဖြစ် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးသန့်ဇော်၊ ပြည်သူ့ပါတီမှ ချောင်းဆုံမြို့နယ်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ကိုဝင်းသန်း၊ မွန်ညီညွတ်ရေးပါတီမှ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) နိုင်စံတင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးကျော်ဇေယျာမင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဘီးလင်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးတင်ရီ၊ ပြည်ခိုင်ဖြိုးပါတီမှ သထုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဒေါ်လေးမိုးသူ၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဒေါက်တာစိုးမိုးအောင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမောင်မောင်လတ် နှင့်ဗိုလ်ကြီး ဒေါ်သူဇာ တို့ပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များမှာ ကော်မတီသည် ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသော ဥပဒေကြမ်း၊ ဆုံးဖြတ်ချက်၊ အစီရင်ခံစာနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သောအဆိုများ၊ ဖြေကြားခဲ့သောမေးခွန်းများ၊ အစီရင်ခံစာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များကို စိစစ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။

ကော်မတီသည် ပြည်နယ်လွှတ်တော်တွင် အခါအားလျော်စွာ ကတိပြုခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စိစစ်ပြီး ပြည်နယ်အစိုးရက ၎င်းအာမခံချက်များ၊ ကတိများနှင့် တဝန်ခံချက်များအပေါ် အကောင်အထည်ဖေါ်ဆေင်ရွက်မှုအခြေအနေ၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီးစီးမှု ရှိ/မရှိတို့အား ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

လုပ်ငန်းအကောင်အထည်ဖေါ်မှု အခြေအနေကို သိရှိနိုင်ရန် အတွက် လိုအပ်ပါက ကွင်းဆင်းလေ့လာစိစစ်ခြင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ကော်မတီက စိစစ်တွေ့ရှိချက်များကို လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အစီရင်ခံစာတင်သွင်းခြင်းတို့ကို လွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ ကော်မတီသည် လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်းနှင့် စပ်ဆက်သော လူပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်ခြင်း၊ ကော်မတီသည် ပြည်နယ်လွှတ်တော်က အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်းများလုပ်ဆောင်ရမည်ဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ ကော်မတီ၏အစည်းအဝေးများကို လွှတ်တော်ရုံး၏ သတ်မှတ်သော နေရာဌာနတွင် ကျင်းပနိုင်ခြင်း၊ ကော်မတီသည် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်ခြင်း၊ လိုအပ်သော အချက်အလက်များကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများထံမှ တင်ပြေတောင်းခံနိုင်ခြင်း၊ လိုအပ်ပါက ကော်မတီ၏ အစီရင်ခံစာကို ရေးသားပြီး လွှတ်တော်ဥက္ကဌမှတစ်ဆင့် လွှတ်တော်သို့ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ တင်သွင်းနိုင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိကျင်းပပြုလုပ်နေသည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများဆိုင်ရာကော်မတီ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ နှင့် ယခု မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ စသည်ဖြင့် ပြည်နယ်လွှတ်တော်ကော်မတီ (၅) ခု ဖွဲ့စည်းထားပြီးဖြစ်သည်။

 

Most Read

Most Recent