ရှမ်းပြည်နယ် ရှိ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး (၇) ဦး နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခု တို့၏ ဒေသ ဦးစီးအဖွဲ့ဝင် အမည်စာရင်းများကို လွှတ်တော် မှ အတည်ပြုခန့်အပ်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၊ (ဆဋ္ဌမနေ့) အဖြစ် ဧပြီလ (၉) ရက် ၊ ကြာသပတေးနေ့ တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် လွှတ်တော်တွင် ရွေးကောက်ခံ တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ် များမှာ ကချင် တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဦးကိန်မိုင် ၊ ကယန်း (ခ) ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဒေါ်အေးချိုစိန် ၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဒေါ်ခင်ထွေးအောင် ၊ လားဟူ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး ၊ လီဆူး တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဒေါ်ငွေလှိုင် ၊ အာခါ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဦးထွန်းအောင် ၊ အင်းသား တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် ဒေါ်တင်တင်ရီ တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်အဖြစ် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌ မှ ကြေညာခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့မဟုတ်) ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခွန်ဖိုးစိန်၊ အဖွဲ့ဝင်များအဖြစ် ခွန်ကျော်ဟိန်း (ဆီဆိုင်)၊ ခွန်ညိုမောင် (ဟိုပုံး)၊ ဦးဒီဂေါလ် (ဟိုပုံး) နှင့် ဒုတိယဗိုလ်မှူးကြီး ညီညီတင် (တပ်မတော်သား ကိုယ်စားလှယ်) တို့ဖြစ်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးအာကာလင်း၊ အဖွဲ့ဝင်များအဖြစ် ဦးဟိန်းထက်ဇော် (ပင်းတယ) ၊ စိုင်းသန်းထွန်း (ခ) ဦးသိန်းသန်းထွန်း (ရွာငံ) ၊ ဦးအောင်ပြည့်စုံ (ရွာငံ) နှင့် ဒုတိယဗိုလ်မှူးကြီး သန့်ဇင်နိုင် (တပ်မတော်သား ကိုယ်စားလှယ်) တို့ကို အတည်ပြုကြောင်း လွှတ်တော် ဥက္ကဌ မှ ကြေညာခဲ့ခြင်း ဖြစ်သည်။
ပြီးနောက် ရှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမနေ့ ရပ်နားကြောင်း နှင့် သတ္တမနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြေညာခဲ့သည်။















