အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင်ကိုးဦးအား ခန့်အပ်ရန် ယနေ့(ဧပြီ ၉ ရက်)တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်ဖွဲ့စည်း၍ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဌက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦး၏အမည်စာရင်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူကတင်သွင်းထားကြောင်း ဧပြီ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ဆွေးနွေးမည့်သူမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်တွင် ဥက္ကအဖြစ်ဦးစိုးသိန်းက တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်းဘော်၊ ဦးကျော်စိုးညွန့်၊ ဦးတိုးရီ၊ ဦးတင်အောင်ဝင်း၊ ဦးမင်းဟန်တို့ ပါဝင်မည်ဖြစ်သည်
ပြည်ထောင်စုလွှတ်တော်က ခန့်အပ်ရန်သဘောတူအတည်ပြုခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။















