အီရန်နှင့် အပစ်ရပ်မှု အမေရိကန်အတွက် ရာနှုန်းပြည့်အောင်ပွဲဟု ထရန့်ဆို

အီရန်နှင့် အပစ်ရပ်မှု အမေရိကန်အတွက် ရာနှုန်းပြည့်အောင်ပွဲဟု ထရန့်ဆို
Published 8 April 2026
Ref:BBC

အီရန်နှင့် နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရသွားပြီးနောက် ဒေါ်နယ်ထရန့်က အမေရိကန်အတွက် ၁၀၀ ရာခိုင်နှုန်း လုံးဝဥဿုံအောင်ပွဲ ရလိုက်ခြင်းဖြစ်ပြီး မေးခွန်းထုတ်စရာပင်မလိုဟု  ပြောကြားလိုက်သည်။

အပစ်အခတ်ရပ်စဲရေး ကြေညာအပြီး AFP သတင်းဌာနက တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ထရန့်က သဘောတူညီချက်အရ အီရန်၏ သန့်စင်ပြီးယူရေနီယံများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမည်ဟုဆိုကာ “အဲဒီလို မလုပ်နိုင်ရင် ဒီသဘောတူညီချက်ကို လက်ခံမှာမဟုတ်ဘူး” ဟု ဖြေခဲ့သည်။

အကယ်၍ သဘောတူညီချက်ပျက်ပြားသွားပါက အီရန်၏ အရပ်ဘက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ထားသည့်အတိုင်း လုပ်မည်လားဟုမေးမြန်းရာ စောင့်ကြည့်ရမည်ဟု တုံ့ပြန်ခဲ့သည်။

အီရန်၏ အဓိကမဟာမိတ်ဖြစ်သည့် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှု ပါသလားဆိုသည့်မေးခွန်းကို ထရန့်က “ကြားရသလောက်တော့ ဟုတ်တယ်” ဟု ဖြေကြားခဲ့သည်။

ထရန့်က Truth Social လူမှုကွန်ရက်တွင်  “ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးကျယ်သော နေ့တစ်နေ့” ဟုလည်း ရေးသားခဲ့သည်။

“အီရန်က ဒီလိုဖြစ်စေချင်နေတာ၊ သူတို့လည်း တော်တော်လေး ခံစားနေရပြီ။ တခြားလူတွေလည်း ဒီလိုပါပဲ။အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ အများကြီး တွေ့ရပါလိမ့်မယ်။ ငွေတွေအများကြီးလည်း စီးဝင်လာတော့မယ်။ အီရန်အနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နိုင်မယ်။ ကျွန်တော်တို့ဘက်က လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းအပြည့်အစုံနဲ့ အားလုံးအဆင်ပြေချောမွေ့အောင် ဝိုင်းဝန်းစောင့်ကြည့်ပေးမယ်။ အခြေအနေတွေကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ အမေရိကန်မှာလိုပဲ။ ဒါဟာ အရှေ့အလယ်ပိုင်းရဲ့ ရွှေခေတ် ဖြစ်လာနိုင်ပါတယ်” ဟု ထရန့်က ပြောဆိုခဲ့သည်။

 

Most Read

Most Recent