အီရန်တွင် တိုက်ခိုက်မှုများ ယာယီရပ်နားထားမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ရုံးက ဧပြီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အီရန်အနေဖြင့် အလွန်အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဆိုပါက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ဆိုင်းငံ့မည်ဟု ထရန့်က ပြောကြားခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အီရန်အနေဖြင့် ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးရန်နှင့် အမေရိကန်၊ အစ္စရေးအပါအဝင် ဒေသတွင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ရန်ဆိုသည့်ကတိကဝတ်အပေါ် အခြေခံပြီး အီရန်အပေါ် တိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ဆိုင်းငံ့မည့် သမ္မတထရန့်၏ ဆုံးဖြတ်ချက်ကို အစ္စရေးက ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အီရန်သည် အမေရိကန်၊ အစ္စရေး၊ အာရပ်အိမ်နီးချင်းနိုင်ငံများနှင့် တစ်ကမ္ဘာလုံးအတွက် နျူကလီးယား၊ ဒုံးကျည်နှင့် အကြမ်းဖက်မှုဆိုင်ရာ ခြိမ်းခြောက်မှုများ မပြုလုပ်နိုင်စေရန် ဆောင်ရွက်နေသည့် အမေရိကန်၏ ကြိုးပမ်းမှုကိုလည်း အစ္စရေးက ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
Ref:AFP















