■ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရန် သဘောတူညီခဲ့ပြီးနောက် ရေနံစျေးများ ကျဆင်း

■ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရန် သဘောတူညီခဲ့ပြီးနောက် ရေနံစျေးများ ကျဆင်း
Published 8 April 2026

သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် အီရန်နှင့် အမေရိကန် သဘောတူညီမှုရရှိ

အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရန် သဘောတူညီခဲ့ပြီးနောက် ရေနံစျေးများ ကျဆင်းသွားခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။

အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ဧပြီ ၈ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

"လာမယ့် နှစ်ပတ်တာကာလအတွင်း ဟော်မုဇ်ရေလက်ကြားကတစ်ဆင့် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာခွင့်ပေးသွားမှာပါ" ဟု အာရက်ချီက ပြောသည်။

ယင်းသို့ ဖြတ်သန်းသွားလာခွင့်ပြုရာတွင် အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

သမ္မတ ဒေါ်နယ်ထရန့်ကလည်း  ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောနှင့် ကုန်စည်ကူးသန်းသွားလာမှုများကို အနှောင့်အယှက်မရှိ လွတ်လပ်စွာ ဖြတ်သန်းခွင့်ရမည်ဆိုပါက အီရန်နှင့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ အမေရိကန်နှင့် အီရန်ကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် တစ်နာရီအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်တိုက်ကျဆင်းသွားခဲ့သည်။

ကမ္ဘာ့ရေနံဈေးနှုန်း အညွှန်းကိန်းဖြစ်သော Brent crude သည် ၁၃ ဒသမ ၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ရေနံတစ်စည်လျှင် ၉၄ ဒသမ ၅၀ ဒေါ်လာသို့ ရောက်ရှိသွားသည်။

အလားတူ အမေရိကန်တွင် အရောင်းအဝယ်ပြုလုပ်သည့် ရေနံဈေးနှုန်းသည်လည်း ၁၄ ဒသမ ၃ ရာခိုင်နှုန်းခန့် ကျဆင်းကာ ရေနံတစ်စည်လျှင် ၉၆ ဒသမ ၈၀ ဒေါ်လာ ဝန်းကျင်တွင် ရှိနေသည်။

ဧပြီ ၇ ရက်က ရေနံအညွှန်းကိန်း နှစ်ခုစလုံးသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် မြင့်တက်နေခဲ့သော်လည်း ယခုအခါ သိသိသာသာ ပြန်လည်ကျဆင်းသွားခြင်း ဖြစ်သည်။

Ref: BBC

Most Read

Most Recent