အမေရိကန်-အစ္စရေးတို့နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အီရန်ဘက်က ပယ်ချလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဧပြီ ၇ ရက်တွင် ကြေညာခဲ့သည်။
“ယာယီအပစ်အခတ်ရပ်စဲရေးကို ပယ်ချကာ စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရန် လိုအပ်ကြောင်း ပါကစ္စတန်ကတစ်ဆင့် အကြောင်းပြန်လိုက်ပြီ” ဟု အီရန်သတင်းအေဂျင်စီ IRNA က ထုတ်ပြန်ထားသည်။ အချက် ၁၅ ချက်ပါသည့် အမေရိကန်၏ကမ်းလှမ်းချက်တွင် မည်သည့်တောင်းဆိုမှုများ ပါဝင်သည်ကိုမူ အသေးစိတ်ကြေညာသွားခြင်း မရှိပေ။
စစ်ပွဲရပ်တန့်ရန် ပါကစ္စတန်၊ တူရကီနှင့် အီဂျစ်နိုင်ငံတို့က ကြားဝင်စေ့စပ်ပေးလျက်ရှိသည်။ IRNA ၏ဖော်ပြချက်အရ ဒေသတွင်း ပဋိပက္ခများအားလုံး အဆုံးသတ်ရန်၊ ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်၊ ပျက်စီးသွားသည်များကို ပြန်လည်ထူထောင်ရန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်အပါအဝင် အချက် ၁၀ ချက်ကို အီရန်ဘက်က ပြန်တောင်းဆိုထားသည်။
ထို့ပြင် အီရန်အစိုးရအနေဖြင့် နောင်တွင် ထပ်မံတိုက်ခိုက်မခံရစေရန် အာမခံချက်ရရှိရေး ၊ လက်ဘနွန်တောင်ပိုင်းရှိ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် အစ္စရေး၏တိုက်ခိုက်မှုများ ရပ်တန့်ရေးတို့ကိုပါ တောင်းဆိုထားသည်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်္ဘောတစ်စင်းလျှင် ဖြတ်သန်းခ အမေရိကန်ဒေါ်လာ နှစ်သန်းခန့် ကောက်ခံမည်ဖြစ်ကာ အိုမန်နိုင်ငံနှင့် ခွဲဝေယူမည် ၊ အီရန်က စစ်လျော်ကြေးတိုက်ရိုက်မတောင်းတော့ဘဲ ရေလက်ကြားမှရမည့်ဝေစုကို စစ်ကြောင့်ပျက်စီးသွားသည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုမည်ဆိုသည့် အချက်များလည်း ပါဝင်သည်။
အမေရိကန်ဗဟိုစစ်ဌာနချုပ်၏ ဧပြီ ၆ ရက်ထုတ်ပြန်ချက်အရ စစ်ပွဲတစ်လျှောက် အမေရိကန်က အီရန်နိုင်ငံတစ်ဝန်းရှိ ပစ်မှတ်ပေါင်း ၁၃,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။















