ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး အပါအဝင် အချက်ကိုးချက်ကို ပြည်တွင်းနိုင်ငံရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) က မတ် ၃၁ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
အနှစ်သာရရှိပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်စေရန် သက်ဆိုင်သည့် အင်အားစုများအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရေး ဆောင်ရွက်ရမည့် အခင်းအကျင်းများနှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း PCB က ဆိုသည်။
PCB ၏ ထုတ်ပြန်ချက်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်၊ နိုင်ငံသားတို့၏ မူလရပိုင်ခွင့်များဖြစ်သည့် အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့် (Freedom of Association) နှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) တို့ကို သက်ဆိုင်သည့် အင်အားစုများအားလုံးက အသိအမှတ်ပြု အာမခံရန်၊ လူငယ်များနှင့် မိဘပြည်သူများအကြား စိုးရိမ်ပူပန်နေရခြင်း ဘေးမှ ကင်းဝေးစေရန်နှင့် လူသားအရင်း အမြစ်များ မဆုံးရှုံးစေရန်အတွက် သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးက အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းနှင့် စစ်မှုထမ်းစေခြင်း မပြုလုပ်ရန် စသည့်အချက်များ ပါဝင်သည်။
ထို့ပြင် အရပ်သားပြည်သူများ သေကျေပျက်စီး ထိခိုက်နစ်နာစေမည့် စစ်ရေးဆောင်ရွက်ချက်များ၊ အများပြည်သူနှင့် သက်ဆိုင်သော ဘာသာရေး၊ ဆေးရုံ၊ စာသင်ကျောင်း စသည့် အဆောက်အဦများအား ဦးတည်တိုက်ခိုက်ခြင်းများကို ဘက်အသီးသီးက ရှောင်ရှားရန်၊ နိုင်ငံသားများ၏ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာသွားလာခွင့်ကို တားမြစ်ပိတ်ပင်ခြင်းများ မပြုလုပ်ရန်၊ စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ပျက်စီးသွားသော ပြည်သူများ၏ လူမှုစီးပွားဘဝများအား ပြန်လည်ထူထောင်ရေး၊ ကုစားပေးရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးနှင့် လူမှုတရားမျှတမှုများ ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ရန် စသည့်အချက်များကိုလည်း ဖော်ပြထားသည်။
ထို့အတူ ပြည်ပသို့ ရောက်ရှိနေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် အင်အားစုအသီးသီးနှင့် လူပုဂ္ဂိုလ်တို့၏ လွတ်လပ်သော သဘောဆန္ဒဖြင့် ဌာနေသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်ရေး အခင်းအကျင်းကို ဖော်ဆောင်ရန်၊ တိုင်းပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည်သည့် သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး ကြိုးပမ်းကြရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များကိုလည်း PCB က တောင်းဆိုခဲ့သည်။
ပြည်တွင်းနိုင်ငံရေး အင်အားစုများအနေဖြင့် တိုင်းပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် မူဝါဒတူညီသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မှ စတင်ကာ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ လက်ရှိ ပဋိပက္ခများဖြေရှင်းရန်အတွက် ပဋိပက္ခနှင့်သက်ဆိုင်သူများအားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မည့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body - PCB) အဖြစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် စုဖွဲ့ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် ကိုမြအေး စသည့် ပြည်တွင်းနိုင်ငံရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။















