တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်တွင် မီးလောင်ခြင်းကြောင့် နေအိမ်ပျက်စီးကာ လင်မယား နှစ်ဦး ဒဏ်ရာ ရရှိ

တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်တွင် မီးလောင်ခြင်းကြောင့် နေအိမ်ပျက်စီးကာ လင်မယား နှစ်ဦး ဒဏ်ရာ ရရှိ
Published 27 March 2026

တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်တွင် မီးလောင်ခြင်းကြောင့် နေအိမ် ပျက်စီးကာ လင်မယား နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်း ထောင့်၊ နယ်မြေ(၃)၊  အိမ်နံပါတ် အမှတ်(၁၃၀) ရှိ အောင်မြတ်စိုး ဆိုင်ကယ် ပြင်ဆိုင် တွင် မတ်လ ၂၇ ရက် မနက်ပိုင်း ၁၀ နာရီခွဲ အချိန် မီးလောင်မှု ဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်း ငြိမ်းသတ်နိုင်ခြင်း ကြောင့် ၁၀ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ခြင်းကြောင့် ထို လမ်းထောင့်ရှိ နေအိမ်တစ်လုံး ပျက်စီးခဲ့ကာ၊ ဆိုင်ကယ် ပြင်ဆိုင် အတွင်း ရှိ ဆိုင်ကယ် အားလုံး မီးလောင်ပျက်စီးသွားသည်ကို မြင်တွေ့ရသည်။

“ဆိုင်ရှေ့မှာ ပြင်နေတာ မီးလောင်တော့ အိမ်ထဲကို မီးကူးတာပါ။ တစ်အိမ်ထဲက ဆိုင်ကယ်တွေလည်း အကုန် မီးလောင်ကုန်တယ်။ တချို့ကလည်း ဂဏ်အိုး ကနေ စလောင်တယ်လို့လည်း ပြောကြတယ်”ဟု ရပ်ကွက်နေ မီးငြိမ်းသတ်ကူညီဆောင်ရွက်ပေးသူ ကဆိုသည်။

ဆိုင်ရှင်ဖြစ်သူ အမျိုးသားမှာ မီးလောင်ဒဏ်ရာကြောင့် ဆေးရုံ တင်ပို့ထားကာ၊ အမျိုးသမီး ဖြစ်သူလက်တွင် မီးဟပ်ဒဏ်ရာ အနည်းငယ် ရရှိကြောင်း သိရသည်။

“ဂတ်စ် အိုးကြောင့် မီးလောင်တာပါ။ အိမ်ထဲက စပြီးလောင်တာပါ”ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထို မီးလောင်ကျွမ်းရာ နေရာသို့ တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ လာရောက် ကူညီဆောင်ရွက်ပေးခဲ့သည်။

တောင်ကြီး

Most Read

Most Recent