အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဒေါ်နွယ်ဦးဦးနှင့် အတွင်းရေးမှူးအဖြစ် ဦးဇင်မင်းထက်တို့အား တာဝန်ပေးအပ်ရန် လျာထားကြောင်း သိရသည်။
ယနေ့ (မတ် ၂၄ ရက်) တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းရန် လျာထားခဲ့ခြင်းဖြစ်သည်။
“ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၂၄) အရ ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၄၄) နဲ့ (၅၃) တို့အရ ဥပဒေကြမ်းကော်မတီကို ၁၅ ဦးထက်မပိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ကော်မတီမှာ ပါဝင်သင်တဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ် ပါဝင်သင့်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်း၊ ကော်မတီကို တာဝန်ယူဦးဆောင်မယ့် ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းများကို လွှတ်တော်မှာ တင်ပြပြီး အတည်ပြုချက် ရယူမှာဖြစ်ပါတယ်။ ဖွဲ့စည်းခြင်းနဲ့တစ်ဆက်တည်းမှာပဲ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၃၀)၊ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ (၄၅)၊ (၄၆)၊ (၅၉)၊ (၆၀)၊ (၆၁)နဲ့ (၆၂) တို့အရ ကော်မတီရဲ့ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းများကို လွှတ်တော်က သတ်မှတ်ပေးရန်လိုကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကို ၁၅ ဦးနဲ့ ဖွဲ့စည်းရန် လျာထားပါတယ်။ ကော်မတီရဲ့ သက်တမ်း တစ်နှစ်ပြည့်မြောက်တဲ့အခါမှာ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောကြားသည်။
ထို့နောက် လွှတ်တော်က သတ်မှတ်ပေးမည့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းများနှင့်စပ်လျဉ်းပြီး ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်နွယ်နွယ်ဦးက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
“ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၃၀) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး ဥပဒေကြမ်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီဝင်များရဲ့ သက်တမ်း တစ်နှစ်ပြည့်မြောက်တဲ့အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး ပေးအပ်နိုင်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၄၊ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၄ နှင့် ၅၃တို့အရ ဥပေဒကြမ်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့သည်။
“ ဥပဒေကြမ်းကော်မတီကို ၁၅ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဒေါ်နွယ်နွယ်ဦးအားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၇) ဦးဇင်မင်းထက်အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ဥပဒေကြမ်းကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးလှသိန်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးရှားရယ်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၃) ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဒေါ်ဇင်ပပဦး၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၃) ဦးခိုင်ဝင်းအောင်၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၃) ဦးဟိန်းမင်းဦး၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဦးမိုးမြင့်၊ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၆) ဦးအေးပိုင်၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဒေါ်ကျိန်ငိုက်မန်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးစိုးကြည်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးချုပ် မြင့်သောင်း၊ ဗိုလ်မှူးကြီး လှိုင်ဝင်းနှင့် ဗိုလ်ကြီး ဒေါ်ဖြိုးဖြိုးဝေတို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြခဲ့သည်။
ကော်မတီတာဝန်များအနေနှင့် ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်မှု ရှိ၊ မရှိ၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များနှင့်ညီညွတ်မှု ရှိ၊ မရှိ၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ်စောင့်ရှောက်ရေးကို ဦးတည်ခြင်း ရှိ၊ မရှိ၊ နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြု ထိပါးစေမည့် အချက်အများ ပါဝင်ခြင်း ရှိ၊ မရှိ၊ နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိ၊ အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်း ရှိ၊ မရှိ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား အသုံးအနှုန်းများ ပါဝင်ခြင်း ရှိ၊ မရှိ၊ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုနှင့် အစိုးရအဖွဲ့အစည်းတစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာနအဖွဲ့အစည်း တစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ ရောထွေးခြင်း ရှိ၊ မရှိ၊ အပြည်ပြည်ဆိုင်ရာ ဒေသဆိုင်ရာ သို့မဟုတ် ဒေသအချင်းချင်းဆိုင်ရာစာချုပ်များ၊ သဘောတူညီချက်များပါ တာဝန်အရ ရေးဆွဲထားသော ဥပဒေကြမ်းဖြစ်လျှင် ထိုစာချုပ်များ၊ သဘောတူစာချုပ်များပါ မြန်မာနိုင်ငံက သဘောတူလက်ခံထားသော အချက်များနှင့် လိုက်လျောညီထွေခြင်း ရှိ၊ မရှိနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာဥပဒေကြမ်းနှင့် သက်ဆိုင်သော မူပိုင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ၊ မရှိ အပါအဝင်နှင့် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေ ရှိ၊ မရှိ စသည့်အချက်များကို စိစစ်ရမည်ဖြစ်ကြောင်း သိရသည်။















