ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဥက္ကဌ ဦးသိန်းထွန်းနှင့် ဒုတိယဥက္ကဌအဖြစ် ဦးစောသက်နိုင်ဦးတို့ကို ရွေးချယ်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဥက္ကဌ ဦးသိန်းထွန်းနှင့် ဒုတိယဥက္ကဌအဖြစ် ဦးစောသက်နိုင်ဦးတို့ကို ရွေးချယ်
Published 20 March 2026

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဥက္ကဌ ဦးသိန်းထွန်းနှင့် ဒုတိယဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဦးစောသက်နိုင်ဦးတို့ ရွေးချယ်တင်မြှောက်ခံရကြောင်း သိရသည်။

မတ် ၂၀ ရက် ကျင်းပပြုလုပ်သည့်  တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ပထမနေ့၌ လွှတ်တော်ကိုယ်စားလှယ်များက ထိုသို့ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

ရှေးဦးစွာ လွှတ်တော်သဘာပတိအဖြစ် လေးမျက်နှာမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း(ပြည်ခိုင်ဖြိုးပါတီတိုင်းဥက္ကဌ) တစ်ဦးတည်းကိုသာ အဆိုပြုမှုရှိခဲ့ပြီး ကန့်ကွက်သူမရှိအတည်ပြုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌရွေးချယ်ရေးဆောင်ရွက်ရာတွင်မူ ဇလွန်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် (တစညပါတီ တိုင်းဥက္ကဌ)နှင့် ကန်ကြီးထောင့်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသက်နိုင်ဦး(ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်)တို့(၂)ဦးအား အဆိုပြုမှုရှိခဲ့သဖြင့် တစ်ဦးအား ဆန္ဒမဲပေးနည်းစနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ရသည်။ထို့နောက် မဲရရှိမှုရလာဒ် (၅၈)မဲဖြင့်ကန်ကြီးထောင့်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသက်နိုင်ဦးက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၌ လွတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၇၂ ဦးရှိပြီး တပ်မတော်သားကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃၇ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ခုနစ်ဦး၊ ပြည်သူ့ပါတီမှ သုံးဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ သုံးဦး၊ ကရင်ပြည်သူ့ပါတီမှ သုံးဦး၊ မြန်မာနိုင်ငံရေးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး ပါဝင်ကြောင်း သိရသည်။

အစည်းအဝေးစတင်သည့်နေ့၌ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၇၂ ဦးအနက် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးတစ်ဦးခွင့်တိုင်ကြားမှုရှိခဲ့ပြီး ၇၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent