■ ဒရုန်းနှင့်တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားသည့် မြစ်ကြီးနားလေဆိပ် မနက်ဖြန် ပြန်လည်ဖွင့်လှစ်မည်

■ ဒရုန်းနှင့်တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားသည့် မြစ်ကြီးနားလေဆိပ် မနက်ဖြန် ပြန်လည်ဖွင့်လှစ်မည်
Published 17 March 2026

ဒရုန်းနှင့်တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားသည့် မြစ်ကြီးနားလေဆိပ် မနက်ဖြန် (မတ် ၁၈ ရက်) တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ 

"18.3.2026 မှစတင်၍ မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်" ဟု ဦးသက်ပိုင်ထူးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ 

လေယာဉ်ပြေးဆွဲခြင်း ရှိ မရှိ မသိသော်လည်း မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်ရန် အားလုံးညှိနှိုင်းပြီးဖြစ်သောကြောင့် မတ် ၁၈ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းပို့စ်အောက်က Comment များတွင် ဦးသက်ပိုင်ထူးက ပြန်လည်ဖြေကြားထားသည်ကို တွေ့ရသည်။

"လေယာဉ် ရှိ မရှိတော့ မသိပါ။ လေဆိပ်ကတော့ အကုန်ညှိနှိုင်းပြီးဖြစ်လို့ မနက်ဖြန် စဖွင့်ပါမယ်"ဟု ၎င်းက Comment တစ်ခု၏အောက်တွင် ဖြေဆိုထားသည်။

မတ် ၁၈ ရက်တွင် မြစ်ကြီးနားလေဆိပ် ပြန်ဖွင့်ရန် ၁၀၀ ရာခိုင်နှုန်း သေချာသော်လည်း လေဆိပ်၌ လေယာဉ် ဆင်းသက်ခြင်း ရှိ မရှိကိုမူ မသိရသေးကြောင်း ၎င်းက Comment တစ်ခု၏အောက်တွင် ပြန်လည်ဖြေဆိုထားသည်။

"100% ဖွင့်တာတော့ လေယာဉ်ဆင်းမဆင်းတော့မသိရသေး အဲ့နေ့ကို" ၊ "သေချာပါတယ်ဗျာ အကုန်ညှိနှိုင်းပြီး အဆင်ပြေပါတယ်" စသဖြင့် ယင်းပို့စ်အောက်က Comment များ၏ အောက်တွင် ၎င်းက လိုက်လံပြန်လည်ဖြေဆိုထားသည်ကို တွေ့ရသည်။ 

သို့သော် မြစ်ကြီးနားလေဆိပ်ကို ယနေ့ (မတ် ၁၇ ရက်) တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း လေကြောင်းလိုင်းဝန်ထမ်းများက အတည်ပြုသည်ဟု ကချင်ဒေသတွင်း သတင်းဌာနများက သတင်းဖော်ပြလာသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ် တစ်စင်းအား KIA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည် အလယ်ပိုင်းနှင့် နောက်မြီးပိုင်းတို့တွင် ဗုံးစထိမှန်၍ ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် မြစ်ကြီးနားလေဆိပ်ရှိ လေယာဉ်ရပ်နားနေရာ (apron) အနည်းငယ်ပျက်စီးခဲ့မှုကြောင့် မြစ်ကြီးနားလေဆိပ်၏ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားရန် လေယာဉ်မှူး အသိပေးစာ (NOTAM) အား ထုတ်ပြန်ထားကြောင်းနှင့် အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်း လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်ခဲ့ပြီးနောက် ယခုမှ လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခြင်းလည်း ဖြစ်သည်။ 

Most Read

Most Recent