■ ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး

■ ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
Published 14 March 2026

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၄ ရက်) နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က အဆိုပါ ကျိုက္ခမီမြို့ အောင်သုခရပ်ကွက် မကျီးချောင် (၇) လမ်းရှိ ဦးဆန်းဦးဆိုသူ၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်းနှင့် ယင်းအိမ်ဘေးရှိ ကိုဇွဲထက်ဦးလှိုင်၏ နေအိမ်သို့ ထပ်မံမီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ကျိုက္ခမီမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဦးဆန်းဦးက အောက်ပိုင်း လေဖြတ်ထားသူပါ။ သူက ဆေးပါ့လိပ်သောက်ပြီး ဂတ်စ်မီးခြစ်ပေါ် တင်ထားရာကနေ ဂတ်စ်မီးခြစ် ပေါက်ကွဲပြီးတော့ အိပ်ယာပေါ်ကျပြီး မီးလောင်မှုဖြစ်တာလို့ တာဝန်ရှိသူတွေထံက သိရပါတယ်”ဟု ပြောကြားသည်။

လေဖြတ်ထားသူ ဦးဆန်းဦးအား အိမ်နီးနားချင်းများက ကယ်ထုတ်လာနိုင်သည့်အတွက် အသက်အန္တရာယ် မရှိခဲ့ကြောင်း ၎င်းမြို့ခံက ဆိုသည်။

ထိုမီးလောင်မှုအား ကျိုက္ခမီမြို့နယ်မြေ မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ခံပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ၁၂ ပေ၊ ပေ ၂၀ ရှိ ဓနိမိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း၊ ခြေတံရှည် နေအိမ်နှစ်လုံး လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးဆန်းဦးအား ကျိုက္ခမီမြို့ နယ်မြေရဲစခန်းမှ (ပ) ၉ / ၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ် ၇ ရက် နံနက်အစောပိုင်းအချိန်ကလည်း မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Photo Credit - Thanbyuzayat MFSD

 

Most Read

Most Recent