■ ပြန်လည်ကပြခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာအသီးသီးသို့ အသနားခံတင်ပြ၍ ကူညီဆောင်ရွက်နေဟု သဘင်အစည်းအရုံးထုတ်ပြန်
အောင်ဇမ္ဗူ ဇာတ်သဘင် ယနေ့ညပွဲကခွင့် ပြန်လည်ရရှိခဲ့ပြီး ပြန်လည်ကပြခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာအသီးသီးသို့ အသနားခံတင်ပြ၍ ကူညီဆောင်ရွက်နေဟု သဘင်အစည်းအရုံးက ထုတ်ပြန်သည်။
ယခုညနေပိုင်းက အောင်ဇမ္ဗူ ဇာတ်သဘင် ပွဲကခွင့် တစ်နှစ်အပိတ်ခံလိုက်ရသည်ဟု သိရပြီး သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ကြောင်း အဆိုဇာတ်အဖွဲ့မှ တာဝန်ရှိသူတဦးက လူမှုကွန်ရက်တွင် အသိပေးခဲ့သည်။
ယင်းနောက် ယခုညပိုင်းတွင် အောင်ဇဗ္ဗူဇာတ်သဘင်အဖွဲ့တွင်ပါဝင်သူအချို့နှင့် ယင်းဇာတ်သဘင်နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ ပွဲကခွင့် ပြန်လည်ရရှိပြီဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အောင်ဇဗ္ဗူနှင့်အတူ ကပြဖျော်ဖြေခဲ့သည့် မင်းသမီးဝင်းသပြေထွန်းက" မောင်လေးအတွက်ပျော်လိုက်တာရှင်။ သတင်းကောင်းလေးဖြစ်လာပါပီနော်။ ပြန်ကခွင့်ရပါပီ" ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထို့ပြင် ယင်းဇာတ်အဖွဲ့တွင်ပါဝင်သူတစ်ဦးဖြစ်သည့် ကိုချစ်ဆန်းကလည်း" မိသားစုများရဲ့ ပို့သတဲ့မေတ္တာတရားကြောင့် အောင်ဇဗ္ဗူဇာတ်သဘင်အဖွဲ့ကြီး ပြန်လည်ကပြခွင့်ရခဲ့ပါပြီ" ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
လူမှုကွန်ရက်စာမျက်နှာအချို့တွင်လည်း သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲတွင် ကပြဖျော်ဖြေမည့် အောင်ဇဗ္ဗူဇာတ်သဘင်အဖွဲ့၏ ရုံတွင်းသို့ ပရိတ်သတ်များ ဝင်ရောက်နေသည့် မြင်ကွင်းများကို တွေ့ရသည်။
ထို့ပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ကလည်း အောင်ဇဗ္ဗူဇာတ်သဘင်အဖွဲ့အား ကပြဖျော်ဖြေခွင့် တစ်နှစ်ရပ်ဆိုင်းခြင်းအကြောင်းကြားစာကို အစည်းအရုံးမှ ဇာတ်သဘင်အဖွဲ့သို့ ပေးပို့ခဲ့ကြောင်း၊ ထိုအကြောင်းအရာသည် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွန်ချက်အား ထပ်ဆင့်ပေးပို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
ယင်းဇာတ်အဖွဲ့နှင့်ပတ်သက်၍ ပြန်လည်ကပြခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာအသီးသီးထံသို့ အသနားခံတင်ပြ၍ ကူညီဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) က ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့မှာ မသန်စွမ်းသူများနှင့်ပတ်သက်သည့် ပြက်လုံးတစ်ခုကို ကပြဖျော်ဖြေခဲ့သည်။
ယင်းသို့ ဖျော်ဖြေမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး မသန်စွမ်းအဖွဲ့အစည်းများက ကန့်ကွက်သည့် ထုတ်ပြန်ချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ဇာတ်ကခွင့် တစ်နှစ်အပိတ်ခံရခြင်းအပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
" တစ်နှစ်အပိတ်ခံရတာတော့ များလွန်းတယ်လို့ ပြောရမယ်။ ဇာတ်သဘင်တွေက အားယူပြီး ပြန်ထနေတဲ့အချိန် ဒီပြစ်ဒဏ်ကတော့ များလွန်းတယ်လို့မြင်တယ်။ ပြီးတော့ တက်သစ်စမင်းသားတစ်ယောက်" ဟု ဇာတ်ပွဲကြည့်ရှုသူတစ်ဦးက သုံးသပ် ပြောကြားသည်။
စမ်းရေမိုးဇာတ်သဘင်အဖွဲ့၏ ဦးစီးသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ထွန်းကလည်း " ကြားရတဲ့ သတင်းအရ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော်ကသဘင်ကိုချစ်တဲ့သူပါ။ဘယ်သဘင်သည်ကိုမှ မထိခိုက်စေချင်" ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။















