စစ်ကိုင်းမြို့တွင် ဆိုင်ကယ်စီးနင်းသူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆိုင်ကယ်စီးဦးထုပ်တစ်ထောင် အခမဲ့ပေးဝေ

စစ်ကိုင်းမြို့တွင် ဆိုင်ကယ်စီးနင်းသူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆိုင်ကယ်စီးဦးထုပ်တစ်ထောင် အခမဲ့ပေးဝေ
Published 27 February 2026

စစ်ကိုင်းမြို့တွင် ဆိုင်ကယ်စီးနင်းသူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆိုင်ကယ်စီးဦးထုပ်တစ်ထောင် အခမဲ့ပေးဝေမှုကို ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့၊ မြို့မစျေးရှေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်ပါဝင်သော အစိုးရအဖွဲ့အပြင် အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း)ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ ဆိုင်ကယ်စီးနင်းကြသူများကို ဆိုင်ကယ်ဦးထုပ်အလုံးရေ ၁၀၀၀ ကို အခမဲ့ပေးဝေခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေး ဟောပြောခြင်း၊ ဖျော်ဖြေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

" ဒီကနေ့ပြုလုပ်တဲ့ ဆိုင်ကယ်စီးဦးထုပ်ဝေတဲ့ အခမ်းအနားမှာ အလုံးတစ်ထောင်ဝေငှခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုတွေကို စိစစ်ကြည့်တဲ့အခါ မော်တော်ဆိုင်ကယ်ကြောင့်သေဆုံးရတာတွေ တွေ့ရတယ်။ မော်တော်ဆိုင်ကယ်ကြောင့်သေဆုံးရတဲ့လူသေဆုံးမှုတွေမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းတာ ကြောင့်ပါသလို ဆိုင်ကယ်စီးဦးထုပ်ဆောင်းပေမယ့် မေးသိုင်းကြိုးမတပ်တာကြောင့်ဦးထုပ်ကျွတ်ပြီး ခေါင်းနဲ့လမ်းနဲ့ရိုက် သေဆုံးကြတဲ့ဖြစ်စဉ်တွေလည်း ရှိတယ်။ဦးထုပ်လည်းဆောင်းသလို မေးသိုင်းကြိုးလည်းတပ်ပေမယ့် သေဆုံးမှုတွေမှာဆိုရင်တော့ အရည်သွေးမပြည့်မီတဲ့ဦးထုပ်ကို အသုံးပြုလို့ဖြစ်တယ်။ဒါကြောင့် ပြည်သူတွေ အရည်သွေးပြည့်မီတဲ့ဦးထုပ်ကို အသုံးပြုဆောင်းနှင်စေဖို့ရယ် မေးသိုင်းကြိုင်းတပ်ဖို့ရယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာဖို့ ခုလို ဦးထုပ်ပေးဝေတဲ့ ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ပါတယ်"ဟု အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု စစ်ကိုင်းမှ ဒုတိယရဲမှူး ကျော်စိုးလွင်က ရှင်းပြသည်။

အဆိုပါ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စစ်ကိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့စုအပါအဝင် အလှူရှင်များလှူဒါန်းထားသည့် ဦးထုပ်များကို စီမံခန့်ခွဲလှူဒါန်းခြင်းဖြစ်ကာ ၂၀၂၅ခုနှစ်ကလည်း ဦးထုပ်အလုံးရေ ၅ဝဝကို လှူဒါန်းခဲ့သည်ဟုလည်း သိရသည်။

Most Read

Most Recent