■ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြောကြား

■ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 25 February 2026

ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဖေဖော်ဝါရီ ၂၄ ရက်တွင် နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲများတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်အကြမ်းဖက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAO အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် လူငယ်များ၊ နိုင်ငံ့ဝန်ထမ်းအချို့တို့အား လူသားချင်းစာနာထောက်ထားမှုအကြောင်းအရာ ခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုများရယူကာ အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချ၍ လက်နက်များတပ်ဆင်ပေးကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန် မြှောက်ပင့်ပေးမှု၊ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အပါအဝင် အကြမ်းဖက်အဖွဲ့များ အမျိုးမျိုးပေါ်ပေါက်လာခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည့်အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ပြည်သူလူထုများနှင့် အတူတကွပူးပေါင်း၍ တရားဥပဒေနှင့်အညီ နှိမ်နင်းလျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။ 

အလားတူ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းနှင့် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် အခြားစိန်ခေါ်မှုများကိုလည်း အခက်အခဲများကြားမှ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၃) ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျလာရောက်၍ မဲရုံများတွင် ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။

ဆန္ဒမဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) စက်များဖြင့် စနစ်တကျမဲပေးခြင်းများကို နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အကြီးအကဲနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေးစင်မြင့်တွင် ပါဝင်လာနိုင်စေရေး FPTP စနစ်၊ PR စနစ်တို့ကို ကျင့်သုံးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်သဖြင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မတ် ၁၆ ရက်တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်နှင့် မတ် ၁၈ ရက်တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ကျင်းပရန် ဆောင်ရွက်နေပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏ တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လိုက်သည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် ကြက်ဥများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အတူတကွ ချက်ပြုတ်စားသုံးနိုင်ရေးအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ 

ထို့အတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ်က ဒေသထွက်စားသောက်ဖွယ်ရာများနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent