■ ဖားဆောင်း-မယ်စဲ့ လမ်းကြောင်းပေါ်ရှိ သံလွင်တံတား (ဖားဆောင်း) မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

■ ဖားဆောင်း-မယ်စဲ့ လမ်းကြောင်းပေါ်ရှိ သံလွင်တံတား (ဖားဆောင်း) မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ
Published 17 February 2026

ဖားဆောင်း-မယ်စဲ့ လမ်းကြောင်းပေါ်ရှိ သံလွင်တံတား (ဖားဆောင်း) ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ကယားပြည်နယ် ဖားဆောင်းမြို့ကို တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၅ ရက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်ပြီးနောက် နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ယခုအခါ သံလွင်တံတား (ဖားဆောင်း) မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

KNPP၊ KNDF နှင့် PDF များ ယာယီစိုးမိုးထိန်းချုပ်ခဲ့သည့် ကယားပြည်နယ် ဖားဆောင်းမြို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ပြီးနောက် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မယ်စဲ့မြို့သို့ ဆက်လက်မချီတက်နိုင်စေရန် KNPP၊ KNDF နှင့် PDF များက အဆိုပါ တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်တံတား (ဖားဆောင်း) သည် ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် အရှည်ပေ ၁၂၀၀ ကျော်ရှိသော တံတားဖြစ်ပြီး ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ဖားဆောင်မြို့နယ်ဘက်အခြမ်းရှိ တံတား၏ အစိတ်အပိုင်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ 

KNPP၊ KNDF နှင့် PDF များသည် ကယားပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှစ၍ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် လုပ်ဆောင်ခဲ့ပြီး ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့ကို ထိန်းချုပ်ရန် တိုက်ပွဲများ ဖော်ဆောင်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လွိုင်ကော်မြို့အား ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့အား ပြန်လည်ထိန်းချုပ်ပြီးနောက် KNPP၊ KNDF နှင့် PDF များသည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆုတ်ခွာအခြေပြုလှုပ်ရှားပြီး လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူများ ယာယီစိုးမိုးပိတ်ဆို့ထားသည့် မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ရေး ရန်နိုင်မင်း စစ်ဆင်ရေးအမည်ဖြင့် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရာ KNPP၊ KNDF နှင့် PDF များ ယာယီစိုးမိုးထားသည့် ဒီးမော့ဆိုမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့မှ ဆုတ်ခွာသွားသည့် သောင်းကျန်းသူများအနေဖြင့် ဖားဆောင်းမြို့တွင် ယာယီစိုးမိုးပြီး အဆိုပါ ဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် နယ်မြေခံတပ်ရင်းဌာနချုပ်များအား ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်နှင့် ၃၀ ရက်တွင်လည်းကောင်း၊ ဇူလိုင် ၅ ရက်နှင့် ၇ ရက်တွင်လည်းကောင်း၊ စုစုပေါင်း တိုက်ပွဲကြီးလေးကြိမ်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့သဖြင့် ဆုတ်ခွာပြီး ဖားဆောင်းမြို့ကိုသာ အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ယာယီစိုးမိုးထားခဲ့ကြောင်း သိရသည်။

ထို့ပြင် KNPP၊ KNDF နှင့် PDF များသည် တပ်မတော်စစ်ကူစစ်ကြောင်း အဓိကလာမည့် နေရာများ၌ အဆင့်ဆင့်ပိတ်ဆို့ခြင်း ဆောင်ရွက်ခဲ့ပြီး တိုက်ပွဲကြီး/ငယ် ရှစ်ကြိမ် ဖြစ်ပွားခဲ့ရာ KNPP၊ KNDF နှင့် PDF များထံမှ အလောင်းခြောက်လောင်း၊ လက်နက်မျိုးစုံ ၁၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် KNPP၊ KNDF နှင့် PDF များ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှစ၍ ဘောလခဲ-ထူးချောင်း-ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်း၏ အနောက်ဘက်ခြမ်းမှ စတင်ပြီး နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ KNPP၊ KNDF နှင့် PDF များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ထူးချောင်းတံတားနေရာတစ်ဝိုက်ကို နိုဝင်ဘာ ၂၇ ရက်တွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် KNPP၊ KNDF နှင့် PDF များ၏ အမာခံကျေးရွာကြီးများဖြစ်သည့် နမ့်ကစ်ကျေးရွာနှင့် ပါပုကျေးရွာတို့အား တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဖားဆောင်းမြို့သို့ ဆက်လက်ရှင်းလင်းခဲ့ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖား ဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက အပြီးတိုင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့မှုတွင် တပ်မတော်နှင့်  KNPP၊ KNDF၊ PDF များအကြား တိုက်ပွဲကြီး/ငယ် ၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ လက်နက်မျိုးစုံ ၁၇ လက်၊ ရုပ်အလောင်းများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရကာ အချို့ ထိခိုက်/ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent