စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူထုတွေ့ဆုံပွဲကို စစ်ကိုင်းမြို့တွင် ဒီဇင်ဘာ၂၃ရက် နံနက် ၈ နာရီမှ စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မိတ်ဆက်ခြင်းအခမ်းအနားကို စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်၊ နှစ် ၇၀၀ အားကစားကွင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ထောက်ခံအားပေးကြသူများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးလှဌေး တက်ရောက်ခဲ့ပြီး ၎င်းတို့ပါတီ၏ မူဝါဒလမ်းစဉ်များ၊ ပါတီသမိုင်းကြောင်းများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ကသာ၊ ဝန်းသို၊ မြင်းမူ၊ ကောလင်း၊ ဗန်းမောက် စသည့်မြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည့် လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပြီး လူထုနှင့် မိတ်ဆက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးသက်ပုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဝင်းတင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးမင်းမင်းဇေယျာမြင့်တို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ၎င်းတို့အနေဖြင့် မဲဆွယ်စည်းရုံးပြောကြားမှုများလည်း ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အောင်နိုင်ရေးအလံ ပေးအပ်ခြင်း၊ အနုပညာရှင်များက ဖျော်ဖြေပေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။















