■ ရန်ကုန်တက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ မကျင်းပနိုင်ခဲ့သည့် သိပ္ပံပွဲခင်းကို ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံနှင့် ပေါင်းစပ်ကျင်းပနိုင်ရေး ဆောင်ရွက်နေ

■ ရန်ကုန်တက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ မကျင်းပနိုင်ခဲ့သည့် သိပ္ပံပွဲခင်းကို ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံနှင့် ပေါင်းစပ်ကျင်းပနိုင်ရေး ဆောင်ရွက်နေ
Published 19 December 2025

ရန်ကုန်တက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ မကျင်းပနိုင်ခဲ့သည့် သိပ္ပံပွဲခင်းကို ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံနှင့် ပေါင်းစပ်ကျင်းပနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း ကျင်းပနိုင်ရေး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့သည့် သိပ္ပံပွဲခင်းကို ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ မကျင်းပနိုင်တော့ကြောင်း၊ သိပ္ပံပွဲခင်းကို စည်ကားသိုက်မြိုက်စွာ ပြန်လည်အသက်သွင်းကျင်းပနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံနှင့် သိပ္ပံပွဲခင်းကို စည်ကားသိုက်မြိုက်စေရန် ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနများအနေဖြင့် သိပ္ပံပွဲခင်းကျင်းပရာတွင် ဘာသာရပ်ဆိုင်ရာ ဌာနများအလိုက် ပါဝင်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြစေလိုပါကြောင်းနှင့် ပြခန်းများကို အကောင်းဆုံးပြသနိုင်ရေး ပြင်ဆင်ထားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး IR ဌာနအနေဖြင့် သိပ္ပံပွဲခင်းတွင် နိုင်ငံတကာသံရုံးများနှင့်ချိတ်ဆက်၍ ယဉ်ကျေးမှုဖလှယ်ပွဲများ ပါဝင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်စေလိုကြောင်း၊ ဒေသဆိုင်ရာလေ့လာမှုသုတေသနစင်တာ (Area Studies Research Center) တစ်ခုတည်ထောင်ရန် လိုအပ်ကြောင်း၊ ယင်းစင်တာကို တည်ထောင်ခြင်းဖြင့် သိပ္ပံဘာသာရပ်များတွင် သုတေသီများ (researcher) မွေးထုတ်ပေးနိုင်သကဲ့သို့ လူမှုသိပ္ပံနှင့် သက်ဆိုင်သော (area study) တစ်ခုကို လုပ်နိုင်မည့် researcher များကိုလည်း မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ Job Ready Skill သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဘာသာရပ်ဆိုင်ရာများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြစေလိုကြောင်း၊ သိပ္ပံပွဲခင်းနှင့် ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ပါမောက္ခ (ဌာနမှူး) များက သိပ္ပံပြပွဲကျင်းပနိုင်ရေးနှင့် သင်တန်းများ ဖွင့်လှစ်နိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် အကြံပြုဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ်အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင် ဆရာဆရာမကြီးများနှင့်တွေ့ဆုံ၍ ဝိဇ္ဇာသိပ္ပံ သုတေသနညီလာခံကျင်းပနိုင်ရေး ဆွေးနွေးရာတွင် ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံနှင့် သိပ္ပံပွဲခင်းကို ပူးပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ပါမောက္ခ (ဌာနမှူး) များအနေဖြင့် စာတမ်းများ အချိန်မီရရှိနိုင်ရေး တွန်းအားပေးထားရှိစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် ထည့်သွင်းသွားရန် စီစဉ်ထားရှိကြောင်းနှင့် လိုအပ်သည်များကိုလည်း ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံကျင်းပရေး ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent