အင်ဒိုနီရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက်အထိပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US Maritime Exercise - 2nd AUMX) သို့ တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)သည် ပါဝင်တက်ရောက် လေ့ကျင့်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဒုတိယအကြိမ် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်းသို့ တက်ရောက်ရန်အတွက် စစ်ရေယာဉ်(ကျန်စစ်သား)သည် ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့မှစတင်ထွက်ခွာခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့သို့ ဒီဇင်ဘာ ၉ ရက်တွင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့သို့ရောက်ရှိစဉ် ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များသည် လေ့ကျင့်ခန်းဆိုင်ရာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခြင်း၊ လေ့ကျင့်ခန်းအမျိုးအစားအလိုက် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်မှုများအတွက် အကြို ညှိနှိုင်းခြင်း၊ Table Top Exercise ပြုလုပ်ခြင်း၊ ကျွမ်းကျင်သူများ အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်ခြင်း (Subject Matter Expert Exchange)၊ ပျော်ရွှင်ဖွယ်အားကစားပြိုင်ပွဲ (Fun Game) များသို့ ပါဝင်ယှဉ်ပြိုင်ကစားခြင်း၊ ညစာစားပွဲအခမ်းအနားများသို့ တက်ရောက်ခြင်းနှင့် အင်ဒိုနီးရှား နိုင်ငံ၊ ဘာတန်မြို့တွင်း လေ့လာရေးခရီးစဉ်သွားရောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စစ်ရေယာဉ်(ကျန်စစ်သား)သည် ဒီဇင်ဘာ ၁၂ ရက်တွင် ဘာတန်မြို့မှ လေ့ကျင့်ခန်းဧရိယာသို့ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်အထိ အာဆီယံ-အမေရိကန်ပင်လယ်ရေကြောင်းဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းများကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်ကျွန်း၊ အရှေ့မြောက်ရေပြင်တွင် ဆောင်ရွက်ခဲ့ပြီး လေ့ကျင့်ခန်းဧရိယာအတွင်း စစ်ရေယာဉ်များ ပုံပြု မောင်းနှင်မှုလေ့ကျင့်ခန်း၊ အလံတင်ပြမှုလေ့ကျင့်ခန်း၊ ပျက်စီးထိန်းလေ့ကျင့်ခန်း၊ မီးအချက်ပြမှု လေ့ကျင့်ခန်း၊ အရေးကြီးရေယာဉ်ကာကွယ်မှု ပုံပြုလေ့ကျင့်ခန်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကယ်တင်ကုသမှုလေ့ကျင့်ခြင်း၊ ဝေဟင်ဓာတ်ပုံရိုက်ကူးခြင်း၊ ပြန်လည်ဆွေးနွေးခြင်းနှင့် စစ်ရေယာဉ်များအပြန်အလှန်နှုတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း(2nd AUMX) အား မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် အမေရိကန်နိုင်ငံတို့မှ စစ်ရေယာဉ်ရှစ်စီး၊ ရဟတ်ယာဉ်တစ် စင်းတို့စေလွှတ်ပါဝင်ခဲ့ပြီး ကျန်အာဆီယံလေးနိုင်ငံက လေ့လာသူကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd AUMX) သို့တက်ရောက်ခဲ့သည့် စစ်ရေယာဉ်(ကျန်စစ်သား)၏ရန်ကုန်-အင်ဒိုနီးရှား-ရန်ကုန် ခရီးစဉ်သည် စုစုပေါင်းရေမိုင် ၂,၇၀၀ ခန့်ဖြစ်ပြီး ယနေ့(ဒီဇင်ဘာ ၁၈ ရက်)တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာတပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။















