လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ပြိုင်ဘက်အသင်းတွေအနေနဲ့ မိမိတို့နဲ့ ကစားရတဲ့အခါ ရလဒ်ကောင်းရနိုင်တယ်လို့ ထင်နေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဆန်းဒါးလန်းနဲ့ပွဲမှာ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး နှစ်ပွဲရှုံး၊ တစ်ပွဲသရေကျထားပါတယ်။
ဒါ့အပြင် ပြိုင်ပွဲစုံ အိမ်ကွင်းသုံးပွဲဆက် နိုင်ပွဲမရခြင်းကလည်း ၂၀၂၁ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် အန်ဖီးလ်ကွင်းမှာ ပြိုင်ဘက်တွေရဲ့ စိုးရိမ်ကြောက်ရွံ့မှု ပျောက်ဆုံးနေပြီလား ဆိုတဲ့မေးမြန်းမှုအပေါ် ဆလော့က ''အန်ဖီးလ်မှာ အဲဒီလိုမဟုတ်တာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ကစားရတဲ့ အသင်းတွေက သူတို့ ရလဒ်ကောင်းရနိုင်တယ်လို့ ထင်နေကြပြီဆိုတာ သေချာပါတယ်။ အဲဒီလို ထင်နေရုံတင်မဟုတ်ပါဘူး။ ဒီရာသီမှာ အဲဒါကို ပြသခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အနိုင်ရတဲ့ ပွဲတွေမှာတောင် တခြားအသင်းတွေအတွက် တစ်ခုခုဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုဖြစ်လာအောင် မီးစာမြှင့်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ရာသီအစမှာ ကျွန်တော်တို့ရခဲ့တဲ့ နိုင်ပွဲတွေက လွယ်ကူတဲ့ နိုင်ပွဲတွေမဟုတ်လို့ပါ'' လို့ ဖြေကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပွဲစဉ်(၁၄)အပြီးမှာ အဆင့်(၉)နေရာရောက်ရှိနေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ (၁၁)မှတ်ကွာဟနေပြီဖြစ်ပါတယ်။















