သားဖြစ်သူကို ပွဲထုတ်ခဲ့တာဟာ နည်းပြတစ်ယောက်အနေနဲ့ ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်တယ်လို့ ဗန်ပါစီ ပြောကြား

သားဖြစ်သူကို ပွဲထုတ်ခဲ့တာဟာ နည်းပြတစ်ယောက်အနေနဲ့ ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်တယ်လို့ ဗန်ပါစီ ပြောကြား
Photo: X
Photo: X
Published 28 November 2025

ဖီယင်နုအသင်းရဲ့နည်းပြ ရော်ဘင်ဗန်ပါစီက ဆဲလ်တစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သားဖြစ်သူ ရှာကွီးလ်ဗန်ပါစီကို ပွဲထုတ်ခဲ့တာဟာ ဖခင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ နည်းပြတစ်ယောက်အနေနဲ့ ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗန်ပါစီက ဆဲလ်တစ်ကို (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရှာကွီးလ်ကို ပွဲချိန်(၈၁)မိနစ်မှာ လူစားဝင်ကစားစေခဲ့တာဖြစ်ပြီး ဒါဟာ ရှာကွီးလ်အတွက် ဖီယင်နုအသင်းကြီးမှာ ပထမဆုံးကစားခွင့်ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

အသက်(၁၉)နှစ်သာရှိသေးတဲ့ ရှာကွီးလ်ဟာ ဖခင်နည်းတူ တိုက်စစ်မှူးနေရာမှာ ကစားနေသူဖြစ်ပြီး မန်စီးတီးအကယ်ဒမီမှာ (၂)နှစ်ကြာဖြတ်သန်းပြီးမှ ဖီယင်နုအသင်းကို ရောက်ရှိခဲ့တာပါ။

ရှာကွီးလ်ဟာ ၂၀၂၂ ခုနှစ်မှာ ဖီယင်နုအသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် စတင်ချုပ်ဆိုခဲ့ပြီး ဗန်ပါစီ ဖီယင်နုနည်းပြ ဖြစ်လာတဲ့နောက် အသင်းကြီးအတွက် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဆဲလ်တစ်နဲ့ပွဲမှာ လူစားဝင်ကစားစေခဲ့ခြင်းအတွက် ဗန်ပါစီက ''ကျွန်တော် နည်းပြတစ်ယောက်အနေနဲ့ပဲ လုပ်ဆောင်ခဲ့တာပါ။ ဖခင်တစ်ယောက်အနေနဲ့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဂိုးရဖို့ လိုအပ်နေတာကြောင့်ပါ။ ရှာကွီးလ်က နေရာစုံကနေ ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် သူ့ကို ထည့်သွင်းခဲ့တာပါ'' လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent