အနောက်အင်အားကြီးနိုင်ငံအချို့နှင့် ၎င်းတို့၏ သြဇာလွှမ်းမိုးခံနိုင်ငံများက စီးပွားရေးပိတ်ဆို့ခြင်း၊ မီဒီယာအသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားသည်။
နိုဝင်ဘာ ၁၉ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၅/၂၀၂၅) တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တည်ငြိမ်မှုရှိပြီး အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိမိမိတို့နိုင်ငံအပေါ် အနောက်အင်အားကြီးနိုင်ငံအချို့နှင့် ၎င်းတို့၏ သြဇာလွှမ်းမိုးခံနိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများ၊ မီဒီယာအသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအပေါ် နိုင်ငံတော်အကြီးအကဲ၏ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆောင်ရွက်သည့် ထိပ်သီးအစည်းအဝေးများ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတကာခေါင်း ဆောင်အများအပြားနှင့် ထိတွေ့ဆက်ဆံခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်များနှင့် ပြည်တွင်း ပြည်ပဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အဖျက်အမှောင့်လုပ်ဆောင်ချက်များကို နိုင်ငံတကာမှ နားလည်သဘော ပေါက်စေခဲ့ပြီး မိမိတို့နိုင်ငံအပေါ် နိုင်ငံတကာ ၏ယုံကြည်မှုကို မြှင့်တင်ပေးခြင်းနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုတွေကို ရရှိခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
လက်ရှိကာလတွင် နယ်စပ်ဒေသများကို အခြေပြု၍ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများက ကာစီနိုနှင့် အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာရာဇဝတ်အဖွဲ့များနှင့်အတူ ကျူးလွန်ဆောင်ရွက်နေသည့်အတွက် ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်နေကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်အထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင် ရောက်လာခဲ့သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၈၀၀၉ ဦးကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အိမ်နီးချင်းနယ်စပ်လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး နယ်စပ်ဒေသများတွင် အခိုင်အမာအခြေချ၍အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည့် လောင်းကစားအဖွဲ့များကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို နိုင်ငံတကာမှ သတင်းအမှန်အတိုင်း သိရှိနိုင်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဆိုပါနယ်မြေရှိ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။















