ကမ္ဘာ့ဖလားချန်ပီယံဆုကို တစ်နေ့မှာ အာဖရိကအသင်းတစ်သင်း ရယူနိုင်လိမ့်မယ်လို့ အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောကြား

ကမ္ဘာ့ဖလားချန်ပီယံဆုကို တစ်နေ့မှာ အာဖရိကအသင်းတစ်သင်း ရယူနိုင်လိမ့်မယ်လို့ အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောကြား
Photo: X
Photo: X
Published 21 November 2025

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဥက္ကဋ္ဌ ပတ်ထရစ်မော့ဆီပီက ကမ္ဘာ့ဖလားချန်ပီယံဆုကို တစ်နေ့မှာ အာဖရိကအသင်းတစ်သင်း ရယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

မော့ဆီပီက ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ 2025 CAF Awards အခမ်းအနားမှာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

''အာဖရိကဘောလုံးဟာ ကမ္ဘာ့အကောင်းဆုံးစာရင်းထဲမှာ ရှိနေတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ အမေရိကကို သွားတဲ့အခါ အာဖရိကအတွက် ဂုဏ်ယူရအောင် လုပ်ဆောင်နိုင်မှာပါ။ ဒီအချိန်မှာ ကျွန်တော်တို့ ပိုကောင်းတာတွေ လုပ်ဆောင်နိုင်မှာပါ။ တစ်နေ့မှာ အာဖရိကအသင်းတစ်သင်း ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ပါလိမ့်မယ်'' လို့ မော့ဆီပီက ပြောကြားခဲ့ပါတယ်။

2025 CAF Awards ဆုပေးပွဲမှာ ၂၀၂၅ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို PSG အသင်းက မော်ရိုကိုကစားသမား ဟာကီမီက ရရှိခဲ့ပြီး ဟာကီမီကိုလည်း ၂၀၂၆ ကမ္ဘာ့ဖလားအတွက် အဆင်သင့်ဖြစ်စေလိုကြောင်း မော့ဆီပီက ပြောကြားခဲ့ပါတယ်။

ဟာကီမီက လက်ရှိအချိန်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိနေတာကြောင့် ကုသမှုခံယူနေရပြီး ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ပါ့မလားဆိုတာ မသေမချာဖြစ်နေပါတယ်။

ဆုပေးပွဲမှာ ဟာကီမီက သူရရှိခဲ့တဲ့ဆုဟာ အာဖရိကမှာရှိတဲ့ ဘောလုံးသမားဖြစ်လာဖို့ အိပ်မက်မက်နေကြသူအားလုံးအတွက် ရည်ညွှန်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent