ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံခေါင်းစဉ်ဖြင့် မြန်မာ- တရုတ် နှစ်နိုင်ငံ မီဒီယာများတွေ့ဆုံဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံခေါင်းစဉ်ဖြင့် မြန်မာ- တရုတ် နှစ်နိုင်ငံ မီဒီယာများတွေ့ဆုံဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ
Published 17 November 2025

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် မြန်မာ- တရုတ် နှစ်နိုင်ငံ မီဒီယာများတွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Wyndham ဟိုတယ်တွင် နိုဝင်ဘာ ၁၇ ရက်က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး မစ္စမာကျားနှင့် သံရုံးတာဝန်ရှိသူများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သတင်းမီဒီယာများမှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

တရုတ်သံအမတ်ကြီး မစ္စမာကျားက ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင်ပင်း အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အစီအမံ(GGI)၏ အရေးပါမှု အခြေအနေများ၊ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံအကျိုး စီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကျိုးကြောင်းဆီလျော်သော အဆိုပြုချက်များကို အကျယ်တဝင့် ရှင်းလင်းခဲ့သည်။

“တရုတ်နှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေများ ဆက်စပ်လျက်ရှိ၍ ကံကြမ္မာ အပြန်အလှန် ချိတ်ဆက်ထားကာ အခက်အခဲများစွာကြားတွင် အတူတကွဖြတ်သန်းခဲ့ကြသော ကောင်းမွန်သော အိမ်နီးချင်း၊ မိတ်ဖက်များနဲ့ ညီအစ်ကိုများဖြစ်ကြပါတယ်။ တရုတ်နိုင်ငံသည် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှု များကို ပိုမိုအားကောင်းစေရန်၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို အပြည့်အဝ အကောင်အထည်ဖော်ရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို တည်ငြိမ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါတယ်” ဟု တရုတ်သံအမတ်ကြီး မစ္စမာကျား က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (GGI) အဆိုပြုချက်များကို လေ့လာကြည့်ရာတွင် နိုင်ငံအချင်းချင်းဆက်ဆံရာ၌ တန်းတူရည်တူရှိရန်၊ အချုပ်အခြာအာဏာကို အ ပြန်အလှန် လေးစားရန်၊ နိုင်ငံတကာဆက်ဆံရေးတွင် စံနှုန်းနှစ်မျိုးကျင့်သုံးပြီး ဖိနှိပ်မှုမရှိ ရန်နှင့်ပြည်သူဗဟိုပြုရန်ဆိုသည့် အချက်များ ပါဝင်နေသည်ကို သတိပြုမိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစီအစဉ်ဖြင့် တစ်ကမ္ဘာလုံးကို ဖြန့်ဝေခဲ့သည့် ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို မြန်မာနိုင်ငံက အကြိမ်ကြိမ် တောင်းခံခဲ့သော်လည်း မျှတမှုမရှိစွာ အစောပိုင်းကာလများတွင် မြန်မာနိုင်ငံကို ကာကွယ်ဆေးမပေးအပ်ခဲ့ဘဲ ဝိုင်းဝန်းဖိနှိပ်ခဲ့သည့် နိုင်ငံအချင်းချင်း ဆက်ဆံရေးအခြေအနေများ၊ ယင်းသို့အခြေအနေတွင် တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို ပထမဦးစွာ ကူညီပေးခဲ့သည့် အခြေအနေများ၊ ထိုင်း-မြန်မာနယ်စပ် မြဝတီ မဲ့ထော်သလေး၊ KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို မြန်မာနိုင်ငံက တိုက်ဖျက်ရေးသည့် အခြေအနေများ၊ လာမည့် ရွေးကောက်ပွဲများတွင် နိုင်ငံတကာနှင့် ပြည်တွင်းစောင့်ကြည့်လေ့လာသူများကို ခွင့်ပြုသွားမည့် အခြေအနေများကို ပြောကြားသည်။

“တကယ်တော့ မြန်မာ့အနာဂတ်ကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်သာ ထုဆစ်ပုံဖော်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးက ပြည်သူတွေရဲ့ ငြိမ်းချမ်းသာယာတဲ့ အနာဂတ်တွေကို ဖန်တီးပေးနိုင် ဖို့နဲ့ အချုပ်အခြာအာဏာ အပြန်အလှန်လေးစားမှုရှိဖို့အတွက် ယခု GGI အဆိုပြုချက်များဟာ များစွာလက်တွေ့ကျလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့ ညီညွတ်မျှတမှု အခြေခံနဲ့ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလိုမှုတွေကို ရှောင်ရှားပြီး စစ်ပွဲတွေ၊ ပဋိပက္ခတွေကို လျော့ပါးရပ်စဲအောင် ကြိုးစားသွားကြဖို့၊ အင် အားကြီးနိုင်ငံတွေအနေနဲ့ အားနည်းတဲ့ နိုင်ငံတွေအပေါ် စာနာနားလည်ထောက်ထားပြီး ထောက်ပံ့ကူညီ ရိုင်းပင်းမှုများနဲ့အတူ အေးချမ်းသာယာတဲ့ ဒေသများဖြစ်အောင် ကြိုးစားသွားကြဖို့နဲ့ အတိတ်ကအဖြစ်အပျက် တွေအပေါ်မှာ သင်ခန်းစာယူနိုင်အောင် ကြိုးစားပြီး ငြိမ်းချမ်းသာယာပြီး စစ်ပွဲတွေ၊ ပဋိပက္ခတွေကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးစား တည်ဆောက်နိုင်ကြပါစေ” ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့် မြန်မာ-တရုတ် နှစ်နိုင်ငံမီဒီယာအချို့မှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များက တရုတ်နိုင်ငံ သမ္မတအဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသစ်နှင့် ကမ္ဘာ့ တောင်ခြမ်း၏ အရေးပါလာမှုအခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent