■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများ ထပ်မံဖမ်းဆီးခံရ

■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများ ထပ်မံဖမ်းဆီးခံရ
Published 24 October 2025

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ထိုင်းအာဏာပိုင်များ၏  ဖမ်းဆီးခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်နေ့ ညပိုင်းက ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ် ဘန့်ဖူးပရာဒူကျေးရွာအနီး အဝေးပြေးလမ်းမပေါ်တွင် အထောက်အထားမဲ့ မြန်မာနို်ငငံသားများတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးအား ထိုင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ထို မော်တော်ယာဉ်မှာ လမ်းကွေ့တစ်နေရာ၌ လမ်းဘေးရှိ ဓါတ်တိုင်အားဝင်ရောက်တိုက်မိကာ ရပ်တန့်သွားပြီး၊ ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ရာအနီးရှိ တောအုပ်ထဲသို့ ဝင်ရောက်ထွက်ပြေးသွားသည်။

ယင်းမော်တော်ယာဉ်အား ထိုင်းရဲတပ်ဖွဲ့မှစစ်ဆေးခဲ့ရာ ယာဉ်အတွင်း အထောက်အထားမဲ့ မြန်မာနို်ငငံသား အမျိုးသား (၇) ဦးနှင့်၊ အမျိုးသမီး (၈) ဦး အားတွေ့ရှိဖမ်းဆီးခဲ့သည့်အပြင် လာအိုနိုင်ငံသူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဆိုထားသည်။

၎င်းတို့အား ဘာသာပြန်များမှတဆင့် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ အထောက်အထားမဲ့မြန်မာနိုင်ငံသားများမှာ ရန်ကုန် နှင့် မန္တလေးမြို့များမှဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံအတွင်းသို့ ပွဲစားများ၏ လမ်းညွန်မှုများဖြင့် ဝင်ရောက်လာခဲ့ကြကြောင်း နှင့် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ၂၅၀၀၀ ဘတ်အထိ ပေးချေခဲ့ကြရကြောင်းကို စစ်ဆေးပေါ်ပေါက်ထားကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

အလားတူ အောက်တိုဘာလ (၂၂) ရက်နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ကန်ချဘူရီမြို့နယ်၊ အဝေးပြေးလမ်းတွင် မသင်္ကာဖွယ်ရာမော်တော်ယာဉ်တစ်စီးအား ထိုင်းအာဏာပိုင်များမှ ရပ်တန့်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းဖြစ်သူ မြန်မာနို်ငငံသားအပြင် အထောက်အထားမဲ့ မြန်မာနို်ငငံသား အမျုးသား (၉) ဦးအား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

သက်ဆိုင်ရာက ယာဉ်မောင်းဖြစ်သူအား စစ်ဆေးခဲ့ရာ ထိုအထောက်အထားမဲ့မြန်မာနိုင်ငံသား (၉) ဦးအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၇၀၀) ဖြင့် ချွန်ဘူရီခရိုင်သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းကို ထွက်ဆိုချက်ပေးထားကြောင်း နှင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများမှာလည်း ထိုင်းနိုင်ငံအတွင်းသို့ ရေလမ်း၊ ကုန်းလမ်းများဖြင့် ဝင်ရောက်လာခဲ့ကြောင်း နှင့် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် (၂၀၀၀၀) နှုန်းပေးချေထားရကြောင်းကို ဝန်ခံထွက်ဆိုချက်ပေးထားကြောင်း ထိုင်းသတင်းများ ဆိုထားကြသည်။

ထို အထောက်အထားမဲ့မြန်မာနို်ငငံသား (၉) ဦးနှင့် ယာဉ်မောင်းဖြစ်သူ မြန်မာနို်ငငံသားတစ်ဦးတို့အား ကန်ချနဘူရီမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent