ရာအိမ်မှူးအဟောင်းက ရာအိမ်မှူးအသစ်ဖြစ်သူအား မကျေနပ်သဖြင့် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်မှု မန္တလေးတိုင်း ကျောက်ဆည်မြို့၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် ည ၇ နာရီခွဲခန့်တွင် တံတားဦးကုန်းကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးမောင်သန်း(၆၉)နှစ်သည် ရွာလယ်လမ်းအတိုင်း တစ်ဦးတည်းလမ်းလျှောက် ထွက်လာစဉ် အမည်မသိအမျိုးသား တစ်ဦးက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ထွက်ပြေးကြောင်း သိရသည်။
ထိုသို့သတ်ဖြတ်သွားသဖြင့် ဦးမောင်သန်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျောက်ဆည်မြို့မရဲစခန်း (ပ)၇၉၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အမှုမှ သိမ်းဆည်းရမိ သက်သေခံပစ္စည်းများ၏ ပိုင်ရှင်အား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဘကို(၅၁)နှစ် ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီတွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းမှာ ယခင်က ရာအိမ်မှူးအဟောင်းဖြစ်ပြီး ရာအိမ်မှူးအသစ်ဖြစ်သူ ဦးမောင်သန်းအား မကျေနပ်သဖြင့် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ ဘကိုအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။















