ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်အထိ အမှု ၂၄ မှုနှင့် ကျူးလွန်သူ ၆၄ ဦးကို အရေးယူခဲ့ကြောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
အောက်တိုဘာ ၃ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၅) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များအား လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသော ရေရးကောက်ပွဲဖြစ်စေရေး” စသည်တို့ကို တာဝန်ရှိသူအဆင့်ဆင့်က အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အဆင့်လိုက် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် လွှတ်တော်များအတွက် မဲဆန္ဒနယ်များအား သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည့်အပြင် နိုင်ငံရေးပါတီများမှ အမည်စာရင်းတင်သွင်းလာသည့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ခြောက်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၉၆၁ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦးတို့အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် အချိန်မီစိစစ်ပြီးစီးရေး ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲစာရင်းတွင် ပါရှိပြီး သက်ဆိုင်ရာမြို့နယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် ပတ်သက်၍ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ၊ ရေရးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲကာလတွင် လာရောက်ကြမည့် ပြည်တွင်း ပြည်ပ လေ့လာရေးအဖွဲ့များအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စီမံဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး ဆောင်ရွက်ပေးကြရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနများအနေဖြင့် ရဲစခန်းအချုပ်၊ အချုပ်ထောင်၊ အကျဉ်းထောင်များ၌ ပြစ်မှုရင်ဆိုင်ဖြေရှင်းနေရသည့် အချုပ်သားများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များနှင့် အညီ သတ်မှတ်ကာလအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ကြိုတင်ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ထားကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆက်လက်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၂၄ မှုနှင့် တရားခံ ၆၄ ဦးရှိခဲ့ပြီဖြစ်သကဲ့သို့ ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လက်ရှိရရှိထားသော တိုးတက်မှုများကို အခြေခံကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရွေးကောက်ပွဲလုံခြုံရေးအတွက် လျာထားအစီမံများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ တိုးတက်မှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုရေရးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်က ဆွေးနွေးတင်ပြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရေရးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။















