ရေးမြို့နယ် (ဖာလိန်ဒေသ) အံဒင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အံဒင်ရွာသစ် ဓမင်းဆိပ်ရွာခွဲ တာဝန်ခံတို့ အသတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
စက်တင်ဘာ ၁၄ ရက် ည ၇ နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု အံဒင်ရွသစ် ဓမင်းဆိပ်ရွာခွဲ တာဝန်ခံဖြစ်သူ ဦးသောင်းစိန်ဆိုသူမှာ ၎င်း၏နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ် နှစ်စီးနှင့် လက်နက်ကိုင်ဆောင်၍ လူလေးဦး ရောက်ရှိလာပြီးနောက် ဦးသောင်းစိန်အား သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်းနှင့် ဦးသောင်းစိန်မှာ အခင်းဖြစ်ရာနေရ၌ပင် သေနတ်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “နောက်ထပ် နှီးနှူးကျေးရွာမှာ နေထိုင်တဲ့ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးအောင်ရှိန် ကိုလည်း အဲ့ဒီလက်နက်ကိုင်တွေက နေအိမ်ထဲဝင်ပစ်သွားတာလို့ ကြားသိရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးအောင်ရှိန်မှာလည်း အခင်းဖြစ်ပွားရာ ၎င်း၏နေအိမ်အတွင်း၌ပင် သေနတ်ဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် အံဒင်ရွာသစ် ဓမင်းဆိပ်ရွာခွဲ တာဝန်ခံတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းဒေသအတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“အရင် ဒီဖာလိန်ဒေသမှာ အခုလိုမျိုး ပစ်ခတ်သတ်ဖြတ်တာမျိုးမဖြစ်ခဲ့ဖူးဘူး။ အခုဖြစ်တာ ပထမဆုံးအကြိမ်ပါဘဲ။ နှစ်ယောက်တောင် ပစ်သတ်ခံရတယ်ဆိုတော့ ဒေသခံတွေလည်း တော်တော်ကြောက်လန့်နေကြတယ်” ဟု ယင်းဖာလိန်ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါရေးမြို့နယ် အံဒင်ကျေးရွာအုပ်စုအတွင်း အံဒင်၊ နှစ်ကရုပ်၊ နှီးနှူး၊ အံဒင်ရွာသစ်ဓမင်းဆိပ်၊ ရေပေါ်သောင်၊ ငါးမျှားစခန်း၊ ပလိုင်သိမ်အစရှိသည် ကျေးရွာများပါရှိကြောင်းနှင့် ယင်းကျေးရွာအုပ်စုအား ဒေသအခေါ် ဖာလိန်ဒေသဟု ခေါ်ဆိုကြောင်း ဒေသခံများထံမှ သိရသည်။
ယခုစက်တင်ဘာလ (၁) ရက်နေ့ ညပိုင်းအချိန်က မွန်ပြည်နယ် မုဒုံမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ညစောင့်ဝန်ထမ်းဖြစ်သူ ဦးအောင်မျိုးလွင် (ခ) ကိုမျိုး ဆိုသူမှာ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း နှင့် အလားတူ စက်တင်ဘာလ (၆) ရက်နေ့ညပိုင်းအချိန်ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကျေးရွာအနီးရှိ “ကံကောင်းခြင်း ရတနာ” အထပ်သားစက်ရုံအတွင်း ဘီးလင်းမြို့၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ နှင့် ဘိုးလှကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းနိုင်မှာလည်း လက်နက်ကိုင်လူတစ်စု၏ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။















