Cold Play  အဖွဲ့က ဝင်ဘာလေအားကစားရုံတွင် ရက်ပေါင်း ၂၂ ရက်အတွင်း ရှိုးပွဲ ၁၀ ပွဲဖျော်ဖြေခဲ့ပြီး စံချိန်တင်အောင်မြင်မှုရရှိခဲ့

Cold Play  အဖွဲ့က ဝင်ဘာလေအားကစားရုံတွင် ရက်ပေါင်း ၂၂ ရက်အတွင်း ရှိုးပွဲ ၁၀ ပွဲဖျော်ဖြေခဲ့ပြီး စံချိန်တင်အောင်မြင်မှုရရှိခဲ့
Published 14 September 2025

ဗြိတိန် ရော့ခ်ဂီတအဖွဲ့ဖြစ်သည့် Cold Play အဖွဲ့သည် လန်ဒန်မြို့ရှိ ဝင်ဘာလေ အားကစားရုံတွင် ရက်ပေါင်း ၂၂ ရက်အတွင်း ရှိုးပွဲ ၁၀ ပွဲကို ဖျော်ဖြေခဲ့ပြီး စံချိန်တင်အောင်မြင်မှုရှိခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြခဲ့ သည်။

စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲတွင် Cold Play အဖွဲ့သည် ၎င်းတို့၏ ဂီတသက်တမ်း ၂၅ နှစ်အတွင်း လူကြိုက်အများဆုံးနှင့် အအောင်မြင်ဆုံး သီချင်းများကို သီဆိုဖျော်ဖြေခဲ့သည်။

ထို့ပြင် အမေရိကန်အဆိုတော် ဝှစ်တနီ ဟောက်စတန်၏ I Wanna Dance With Somebody သီချင်းကို ကာဗာပြန်လည် သီဆိုခဲ့သည်။

“ဒီသီချင်းက ကျွန်တော် ကားပါကင်ထဲမှာ  သွေးပူလေ့ကျင့်ခန်းအနေနဲ့ သီဆိုလေ့ရှိတဲ့ သီချင်းဖြစ်ပါတယ်” ဟု အဆိုတော့ ခရစ်မာတင်က အရွှန်းဖောက်ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၂ ရက်က ဖျော်ဖြေပွဲသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့သည့် Music Of The Spheres Tour အမည်ရှိ  Cold Play အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်၏ ၂၀၂၅ ခုနှစ်အတွက် အပိတ်ပွဲစဉ် ဖြစ်ခဲ့သည်။

ထိုကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အတွင်း လက်မှတ်ပေါင်း ၁၃ သန်းကျော်ရောင်းချခဲ့ရကာ သမိုင်းတစ်လျှောက် လက်မှတ်အများဆုံး ရောင်းချနိုင်ခဲ့သည့် ဖျော်ဖြေရေး ခရီးစဉ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

Music Of The Spheres Tour ကမ္ဘာလှည့်ခရီးစဉ်ကို ၂၀၂၅ ခုနှစ်တွင် ယာယီရပ်နားမည်ဖြစ်ပြီး လာမည့် ၁၈ လအတွင်း အာဖရိကတောင်ပိုင်းရှိ နိုင်ငံတစ်နိုင်ငံတွင် ပြန်လည်စတင်သွားမည်ဟုလည်း ခရစ်မာတင်က ပြောကြားခဲ့သည်။

လန်ဒန်တွင် သယ်ယူပို့ဆောင်ရေးလုပ်သားများ၏ ဆန္ဒပြမှုများကြောင့် Cold Play အဖွဲ့သည် ဖျော်ဖြေပွဲကို သီတင်းတစ်ပတ်နီးပါးကြာ ရွှေ့ဆိုင်းခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်တွင် ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

“အခုလိုအခြေအနေတွေကြောင့် ခင်ဗျားတို့ စိတ်ကသိကအောက် ဖြစ်ခဲ့ကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း အရင်ရှိုးပွဲတွေထက် ၁၅ ဆလောက် ပိုပြီးကောင်းမွန်စွာ ဖျော်ဖြေ ပေးသွားမှာပါ။ ဒါကို ကတိပေးပါတယ်”ဟု ခရစ်မာတင်က ပြောကြားခဲ့သည်။

ထို့ပြင် Cold Play အဖွဲ့သည် ဝင်ဘာလေအားကစားရုံတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲ၌ အသုံးပြုသည့် လျှပ်စစ်ဓာတ်အားများကို ပြန်ပြည့်မြဲစွမ်းအင်အရင်းအနှစ်များကိုသာ အသုံးပြုခဲ့သည့် ပထမဆုံး ဂီတအဖွဲ့ဖြစ်လာခဲ့ပြီး မီးစက်များကို အသုံးပြုခဲ့ခြင်းမရှိပေ။

ထိုဖျော်ဖြေပွဲတွင် LED လက်ပတ်များ၊ ရောင်စုံစက္ကူစများ၊ လေဆာအလင်းတန်းများ၊ အသည်းပုံနှင့် ကြယ်ပုံစံများကဲ့သို့ ပြောင်းလဲသွားသည့် 3D မျက်မှန်များနှင့် ရုပ်သေးပြပွဲတစ်ခုပင် ပါဝင်ခဲ့သည်။

Most Read

Most Recent