ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေး လုပ်ဆောင်သူများကို ထိရောက်စွာ အရေးယူရန်နှင့် ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက အလေးပေးဆောင်ရွက်ပေးသွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက အလေးပေးဆောင်ရွက်ပေးသွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေးအတွက် အဖျက်အမှောင့်လုပ်ဆောင်လာသူများကိုလည်း ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ခံမည့်ကိုယ်စားလှယ်များအနေဖြင့်လည်း နိုင်ငံ၏ အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စေရန်နှင့် နိုင်ငံ့ကောင်းအောင် ဆောင်ရွက်မည့်သူများ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာဝန်ကြီးချုပ်များက ဦးဆောင်ပြီး ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကိုယ်စားလှယ်လောင်းများ လုံခြုံရေးနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လျာထားလျက်ရှိမှု၊ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများအား နှောင့်ယှက်သူများကို ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲဝင်ရောက်မည့် ပါတီများ၏ ပါတီဝင်များအား စာရင်းကိုက်ညီမှုရှိစေရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများ၏ အချက်အလက်များ၊ ဝန်ထမ်းများ၏ အချက်အလက်များသည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည် တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ ကျိုးပေါက်ခြင်းများဖြင့် တစ်ဦးတစ်ယောက်ခြင်း ထိခိုက်ခြင်း၊ ဌာနအလိုက် ထိခိုက်ခြင်း၊ ထိုမှတစ်ဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက် ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် ထိရောက်စွာ တားဆီးနှိမ်နင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍လည်း နယ်စပ်ဂိတ်များ တရားဝင်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တိုက်တွန်းပြောဆိုလျက်ရှိကြောင်း၊ နယ်စပ်ဂိတ်များ တရားဝင်ဖွင့်လှစ်နိုင်မှုမရှိဘဲ တရားမဝင် ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းသည် ကျားသေကို အသက်သွင်းခြင်း၊ သူခိုး ဓားရိုးကမ်းခြင်းပင်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
နယ်စပ်ဒေသများနှင့် ထိစပ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် ကိုင်တွယ်ကြပ်မတ်သွားရန်လိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုများရှိနေသရွေ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး ခက်ခဲနေမည်ဖြစ်သဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်လည်း ဖော်ထုတ်ဖမ်းဆီးရမိမှုများ များပြားနေဆဲဖြစ်ပြီး ထုတ်လုပ်မှုရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု မရှိစေရေး ဖော်ထုတ်တားဆီးနှိမ်နင်းသွားကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု မလုပ်ဆောင်နိုင်မှသာလျင် ဖြန့်ဖြူးမှုနှင့် ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်၍ အွန်လိုင်းလိမ်လည်မှုများကိုလည်း တားဆီးနှိမ်နင်းသွားကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့အားလုံးသည် နိုင်ငံ့တော်ကို ကောင်းမွန်တိုးတက်အောင် ရည်ရွယ်ဆောင်ရွက်နေကြသူများဖြစ်သဖြင့် ရည်မှန်းချက်များ အောင်မြင်စေရေး အားလုံးက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံသူ နိုင်ငံသားများအားလုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချပေးနိုင်ရေး အာရုံစိုက်၍ အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ အရေးကြီးသည်မှာ နိုင်ငံ၏ စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
အစည်းအဝေးသို့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။















