■ မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် မဲဆန္ဒနယ် ၄၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်

■ မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် မဲဆန္ဒနယ် ၄၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်
Published 10 September 2025

မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် မဲဆန္ဒနယ် ၄၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြည်နယ်ကော်မတီထံမှ သိရသည်။

မွန်ပြည်နယ်အတွင်းမဲဆန္ဒနယ် ၄၅ နေရာရှိရာ  မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိသည့်အတွက် ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)  ဖြင့် ခြောက်နေရာနှင့် FPTP  စနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ပေါင်းထားသည့် (MMP) ဆိုသော စနစ်တွင် ခြောက်နေရာရှိကြောင်း၊ ပြည်နယ်လွှတ်တော်အတွက် တစ်မြို့နယ်လျှင် ကိုယ်စားလှယ်လောင်း နှစ်ဦးနှုန်းဖြင့် မဲဆန္ဒနယ် ၂၀ နေရာရှိကြောင်းနှင့် ဗမာ၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီးနေရာ သုံးနေရာရှိသည့်အတွက်ကြောင့် စုစုပေါင်း ၄၅ နေရာရှိကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မွန်ပြည်နယ်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးတင်ရီက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကျွန်တော်တို့ ပါတီအနေနဲ့ကတော့  လက်ရှိအခြေအနေအထိကို ပြည်သူ့လွှတ်တော် ၁၀ နေရာမှာ ခုနစ်နေရာဘဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွေအားလုံး ဝင်ရောက်ယှဉ်ပြိုင်သွားပါမယ်။ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ကတော့ လောလောဆယ်မှာ ဗမာနဲ့ ပအိုဝ်းအတွက်ပဲ ရပါသေးတယ်။ စုစုပေါင်း မဲဆန္ဒနယ် ၄၁ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီမံဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ချောင်းဆုံမြို့နယ်၊ ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန် မရှိကြောင်းနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ကိုလည်း ကိုယ်စားလှယ်လောင်းမရရှိသေးသည့်အတွက်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်သွားရန် မရှိကြောင်းလည်း ၎င်းက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံတစ်ဝန်းစည်းရုံးမည့် နိုင်ငံရေးပါတီဖြစ်သည့်အတွက် မဲဆန္ဒနယ်မြေ ၅၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) နှင့် ပါတီရုံးများ သတ်မှတ်အရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီတို့အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်ကြောင်း စက်တင်ဘာ ၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

ထို့အခြေအနေကြောင့်လည်း လက်ရှိ မွန်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သာ ကျန်ရှိမည်ဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်များတွင် ကျင်းပပြလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

Most Read

Most Recent