ရွေးကောက်ပွဲတွင် ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်သွားခဲ့သောဝန်ကြီးချုပ် ရှီဂဲရူအီရှီဘာ၏နေရာကို လူစားထိုးရေးအတွက် ဂျပန်အာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)က အောက်တိုဘာ ၄ ရက်တွင် ခေါင်းဆောင်သစ် ရွေးချယ်မည်ဟု ဆိုသည်။
အတိုက်အခံ ပါတီတို့ အပိုင်းပိုင်းကွဲနေသည့်အနေအထားတွင် LDP ပါတီသည် လွှတ်တော်၌ အင်အားအကြီးဆုံးပါတီအဖြစ် ရပ်တည်နေသောကြောင့် ပါတီဥက္ကဋ္ဌသည် ဝန်ကြီးချုပ်သစ်ဖြစ်လာနိုင်သည်။
၁၉၅၅ ခုနှစ်တွင် LDP ပါတီ စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း လေးနှစ်မှလဲဲွ၍ ဂျပန်ကို အုပ်ချုပ်လာခဲ့သောပါတီဖြစ်သည်။
ရွေးကောက်ပွဲကော်မတီအကြီးအကဲ အီချီရိုအိုင်ဆာဝါက စက်တင်ဘာ ၂၂ ရက်တွင် အသိပေးအကြောင်းကြားစာထုတ်မည်ဟု စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ မဲရေတွက်မှုများသည် ၁၂ ရက်ကြာ မဲဆွယ်စည်းရုံးရေးကာလအပြီးတွင် ဖြစ်လာမည်ဟု ဆိုသည်။
အချိန်ဇယားကို စက်တင်ဘာ ၁၀ ရက် တွင် တရားဝင်အားဖြင့် အတည်ပြုမည်ဟု ၎င်းက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုရှီမစ်ဆုမိုတီဂျီသည် ဂျပန်၏နောက်လာမည့် ခေါင်းဆောင်ဖြစ်လာရေး ပြိုင်ပွဲတွင် ပါဝင်ရန် စက်တင်ဘာ ၈ ရက်တွင် ပထမဆုံး စာရင်းပေးသူဖြစ်လာသည်။
၀ါရင့် အမျိုးသမီးမျိုးချစ်လည်းဖြစ် စီးပွားရေးဆိုင်ရာလုံခြုံရေးဝန်ကြီးဟောင်း လည်းဖြစ်သောဆာနေးတာကိုင်ချီနှင့် လက်ရှိစိုက်ပျိုးရေးဝန် ကြီး ရှင်ဂျီယိုကွိုင်ဇူမီတို့ သည်ရွေးကောက်ပွဲ၌ အခြားအလားအလာရှိ သူများထဲတွင် ပါဝင်နေသည်။ ကွိုင်ဇူမီသည် ဝန်ကြီးချုပ်ဟောင်းတစ်ဦး၏သားဖြစ်သည်။
ရွေးကောက်ပွဲတွင် မည်သူအနိုင်ရသည် ဖြစ်စေအနိုင်ရသူသည် လျင်မြန်စာွ အိုမင်းလာသောလူဦးရေ၊ များပြားလှသည့် နိုင်ငံတော်ကြွေးမြီ၊ ငွေကြေးဖောင်းပွခြင်းကြောင့် ဖြစ်ပေါ်လာသည့် တုံ့ဆိုင်းနေသော စီးပွား ရေးအပါအဝင် ရှုပ်ထွေးနေသော ပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲသည် လစ်ဘရယ်ဒီမိုက ရက်တစ်ပါတီ၏သာမန်အဖွဲ့ဝင်များကိုလည်း လမ်းဖွင့်ပေးမည်ဟုဆိုသည်။
ပါတီ၏အထွေထွေရေးရာ အကြီးအကဲ ရှူနီချီဆူဇူကီက ပြောကြားရာတွင် လွှတ်တော်အမတ်များ ပါဝင်ပတ်သက်နေသော မကြာသေးမီက အဂတိလိုက်စားမှုအရှုပ်တော်ပုံကို ပြည်သူက ပြင်းပြင်းထန်ထန် ဒေါ သထွက်နေသောကြောင့် ပါတီအနေဖြင့် ပြည်သူ့အသံများကို ထင်ဟပ်ရေးအတွက် ဂရုပြုရမည်ဟု ပြောကြားခဲ့သည်။
“ဒီရွေးကောက်ပွဲမှာ LDP ပါတီ တက်လာမလာ၊ ကျသွားမလာဆိုတာဟာ ချိန်ခွင်ညှာပေါ်မှာရှိနေပါတယ်”ဟု ဆူဇူကီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ခေါင်းဆောင် ရွေးပွဲသည် ပါတီပြုပြင်ပြောင်းလဲရေးအတွက် အခွင့်အလမ်းကောင်းဖြစ်လာလိမ့်မည်ဟု အီရှီဘာလက်ထက်တွင် LDP ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဟီရိုရှီမိုရီယာမာက ပြောကြားခဲ့သည်။
“ဒီပါတီဥက္ကဋ္ဌရွေးပွဲဟာ ကျွန်တော်တို့ ရဲ့ပါတီလန်းလန်းဆန်းဆန်း အစပြုဖို့အတွက် အရေးကြီးတဲ့ အခွင့်အလမ်းတစ်ခုဖြစ်မယ် ထင်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
■Ref: AFP















