ဥရောပထိပ်သီးလိဂ်(၅)ခုထဲက ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲတွေရဲ့ ၂၀၂၅-၂၆ ရာသီသစ်ကို အခုတစ်ပတ် စတင်လိုက်ပြီဖြစ်ပေမဲ့ စီးရီးအေနဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲတွေကိုတော့ နောက်တစ်ပတ်မှ စတင်မယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲတွေက အခုညမှာပဲ ရာသီသစ်ကို စတင်ဖွင့်လှစ်မှာဖြစ်ပြီး ပရီးမီးယားလိဂ်က လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်နဲ့ စတင်ဖွင့်လှစ်မှာပါ။
စီးရီးအေကလည်း လာမယ့်တစ်ပတ်မှာ လက်ရှိချန်ပီယံ နာပိုလီအသင်းရဲ့ ပွဲစဉ်နဲ့ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဘွန်ဒစ်လီဂါမှာလည်း လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်ရဲ့ပွဲစဉ်နဲ့ ဖွင့်လှစ်မှာပါ။
ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲတွေက အသင်း(၁၈)သင်းသာ ပါဝင်တဲ့ ပြိုင်ပွဲတွေဖြစ်တာကြောင့် ပြိုင်ဘက်လိဂ်တွေထက် တစ်ပတ်စောပြီး ရာသီအဆုံးသတ်မယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲတွေမှာ လက်ရှိချန်ပီယံတွေပဲ ချန်ပီယံဆု ထပ်မံရရှိဖို့ ရေပန်းစားနေပေမဲ့ လာလီဂါမှာတော့ လက်ရှိချန်ပီယံ ဘာစီလိုနာထက် ရီးယဲလ်မက်ဒရစ်အသင်းက ပိုမိုရေပန်းစားနေကြောင်း သိရပါတယ်။















