အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် လိဒ်စ်အသင်းနဲ့ သဘောတူညီမှုရရှိ

အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် လိဒ်စ်အသင်းနဲ့ သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 13 August 2025

အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ဟာ လိဒ်စ်အသင်းမှာ ကစားဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ကယ်လ်ဗတ်လူဝင်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ ကစားသမားဘဝ အစပြုခဲ့သူဖြစ်ပြီး အဲဗာတန်အသင်းကိုတော့ ၂၀၁၆ ကတည်းက ရောက်ရှိခဲ့တာပါ။

ကယ်လ်ဗတ်လူဝင် (၂၈ နှစ်)ဟာ (၉)နှစ်တာကာလအတွင်း အဲဗာတန်အသင်းအတွက် (၂၇၄)ပွဲ ကစားခဲ့ပေးပြီး ဒီနှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာပါ။

ကယ်လ်ဗတ်လူဝင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့်အနည်းငယ်သာ ရရှိခဲ့ပေမဲ့ ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အသင်းတွေ အတော်များများရှိခဲ့ပြီး မန်ယူနဲ့ နယူးကာဆယ်အသင်းတွေ ပါဝင်ခဲ့ကြောင်းလည်း သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ကယ်လ်ဗတ်လူဝင်က ပွဲကစားခွင့် ပိုမိုရရှိမယ့်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆေးစစ်မှုအောင်မြင်ရင် လိဒ်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ်။

လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ကယ်လ်ဗတ်လူဝင်အနေနဲ့ အသင်းဟောင်းနဲ့ စောစောစီးစီး ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

Most Read

Most Recent