မန်ယူအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ တိုးတက်မှုရှိနေပေမဲ့ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ အမ်ဘူမို၊ ကူညာနဲ့ ဒီယေဂိုလီယွန်တို့ကို ခေါ်ယူထားပြီး ပေါင်သန်း(၁၃၀)ဝန်းကျင် သုံးစွဲထားပါတယ်။
ဒါပေမဲ့ အဲဗာတန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Premier League Summer Series ပွဲစဉ်အပြီးမှာ ဘရူနိုဖာနန်ဒက်စ်က အားဖြည့်ဖို့ လိုနေသေးကြောင်းပြောကြားသလို၊ အသင်းရဲ့ ကစားပုံက ပျင်းစရာကောင်းနေတာကြောင့် အပြောင်းအလဲလုပ်ဖို့ လိုနေတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။
'' ကျွန်တော်တို့ တိုးတက်မှုရှိနေပေမဲ့ ရောက်ချင်တဲ့အဆင့်ကို မရောက်သေးပါဘူး။ ကျွန်တော်တို့ကစားပုံက ပျင်းစရာနည်းနည်းကောင်းနေပြီး အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပါတယ်။ ပွဲထွက်ကစားခွင့်ရဖို့ အားလုံးက ပိုကောင်းတဲ့ အရည်အသွေးပြသနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကလပ်အသင်းနဲ့ မန်နေဂျာကလည်း ဒါကို လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ကစားသမားသစ် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ခေါ်ယူနိုင်ဖို့ မျှော်လင့်ပါတယ်'' လို့ ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဆော်ဒီလိဂ်က တန်ဖိုးကြီးမားတဲ့ ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့ ငြင်းပယ်ပြီး မန်ယူအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူပါ။















